"တရားမဝင် ကုန်တင်ပို့မှုနှင့်တင်သွင်းမှု များပြားလာဟုဆို"

28 May

နယ်မြေလုံခြုံရေးအခြေအနေအရ နယ်စပ်ကုန်သွယ်ရေးတွေ ခေတ္တရပ်တန့်နေတဲ့အချိန်မှာ တရားမဝင် ကုန်ပစ္စည်းတွေ တင်ပို့မှုနဲ့တင်သွင်းမှုတွေ များပြားလာတယ်လို့ နစကဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က မေလ ၂၆ ရက်ကပြုလုပ်တဲ့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ အစည်းအဝေးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ တရားမဝင်ကုန်သွယ်မှုတွေ ပေါ်ပေါက်လာမှုနဲ့အတူ ဖမ်းဆီးရမိမှုတွေလည်း ပိုမိုများပြားလာတာကို တွေ့ရပြီး လုံခြုံရေးအဖွဲ့တွေနဲ့ စစ်ဆေးရေးအဖွဲ့တွေက စနစ်တကျထိထိမိမိ စစ်ဆေးဆောင်ရွက်ပါက အခုထက်ပိုပြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းတွေ ထိရောက်အောင်မြင်မှာဖြစ်တယ်လို့ ဆိုထားပါတယ်။ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံရှိတဲ့အနက် မြန်မာနိုင်ငံဟာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးမှာ အဆင့်(၉) သာ ရရှိနေတဲ့အတွက် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ဆက်လက်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ ပြင်ဆင်ဖွဲ့စည်း ပြီးနောက် သုံးနှစ်နဲ့ လေးလအတွင်း တရားမဝင်ကုန်သွယ်မှုတန်ဖိုး ကျပ် ၅၇၆ ဒသမ ၅၄၁ ဘီလီယံ ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးရမိမှုတွေအနေနဲ့ လိုင်စင်မဲ့မော်တော်ယာဉ်နဲ့ မော်တော်ဆိုင်ကယ်တွေ အများဆုံးဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့ သွင်းကုန်ပစ္စည်းတွေ၊ စက်ကိရိယာပစ္စည်းတွေနဲ့ တခြားအသုံး အဆောင်ပစ္စည်းတွေလည်း ပါဝင်တယ်လို့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းရဲ့ ပြောကြားချက်အရ သိရပါတယ်။ (NVS 004)

28 May

ADVERTISE HERE .