“အစ္စရေးတပ်မတော်က ဂါဇာဒေသ၏ ၇၀ ရာခိုင်နှုန်းကျော်ကို သိမ်းပိုက်ထား”

27 May

အစ္စရေးတပ်မတော်သည် လက်ရှိအချိန်တွင် ဂါဇာဒေသ၏ ၇၀ ရာခိုင်နှုန်းကျော်ကို သိမ်းပိုက်ထားကာ ဒေသခံများအား ဒေသတွင်းမှ အင်အားသုံး၍ နှင်ထုတ်မှုများဆောင်ရွက်နေကြောင်း ဂါဇာဒေသတာဝန်ရှိသူများက ပြောကြားသည်။ ယင်းဆောင်ရွက်ချက်သည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း တာဝန်ရှိသူများ က မှတ်ချက်ပြု ပြောကြားသည်။ လက်ရှိအချိန်တွင် အစ္စရေးတပ်မတော်က ဂါဇာဒေသတွင် မြေပြင်ထိုးစစ်များ အဆက်မပြတ် ဆောင်ရွက်နေသည်။ အစ္စရေးတပ်မတော်က မေလ ၂၅ ရက်တွင် လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ် ဆောင်ရွက်ခဲ့ရာ မေလ ၂၆ ရက်အထိ တစ်ရက်တာကာလအတွင်း ဒေသခံ ၃၈ ဦး ထပ်မံသေဆုံးပြီး စုစုပေါင်းသေဆုံးသူအရေအတွက် ၅၃,၉၃၉ ဦးရှိလာကြောင်း သိရသည်။ နိုင်ငံတကာဥပဒေအရ အရပ်သားများအား အင်အားသုံး၍ ရွှေ့ပြောင်းခြင်းကို တားမြစ်ထားသဖြင့် အစ္စရေး ၏ ဆောင်ရွက်ချက်သည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း ဂါဇာဒေသတာဝန်ရှိသူများက ပြောကြားသည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်းက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ပစ္စည်းများ တင်ဆောင်လာသည့် ထရပ်ကား ၃၈၈ စီးကို ဂါဇာဒေသသို့ ဝင်ရောက်ခွင့်ပြုခဲ့ကြောင်း အစ္စရေး တပ်မတော်က ပြောကြားသည်။ သို့သော်လည်း လက်ရှိအချိန်တွင် ဂါဇာဒေသ၌ အငတ်ဘေးဆိုက်ရောက်နိုင်သည့် အခြေအနေရှိနေသဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးပစ္စည်းများကို အများအပြား ထပ်မံဝင်ရောက်ခွင့်ပြုသင့်ကြောင်း ကုလသမဂ္ဂက ပြောကြားသည်။ အစ္စရေးသည် အမေရိကန်၏ အကူအညီဖြင့် မိမိတို့ကို တိုက်ခိုက်နေကြောင်း ဂါဇာဒေသခံများက ပြောကြားသည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရ သည်။

27 May

ADVERTISE HERE .