“ရွှေဆိုင်နှင့်ဘဏ်များလုံခြုံရေးအတွက် Guardian Link စနစ်ကို အသုံးပြုသွားမည်”
27 May
မန္တလေးမြို့မှာ ဓါးပြတိုက်မှုနှင့် လုယက်မှုများ များပြားလာနေတာကြောင့် ရွှေဆိုင်နှင့်ဘဏ်များ လုံခြုံရေး အတွက် Guardian Link စနစ်ကို အသုံးပြုကာ ပြစ်မှုကျူးလွန်သူများဖမ်းဆီးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။ အဆိုပါ Guardian Link စနစ်ဖြင့် ပြစ်မှုကျူးလွန်သူတရားခံများအား အချိန်မီဖမ်းဆီးနိုင်ရေးဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲတစ်ရပ်ကို မေလ ၂၅ ရက်က မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး တွင် ပြုလုပ်ခဲ့ရာ ရွှေဆိုင်များ၊ ဘဏ်များ၊ ဟိုတယ်၊ တည်းခိုခန်းစသည့်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါတယ်။ တက်ရောက်လာကြသူများအား မန္တလေးတိုင်းရဲတပ်ဖွဲ့မှ မှုခင်းဖြစ်ပွားမှုနှင့် တွေ့ရှိရတဲ့ အားနည်းချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး လုံခြုံရေးအဆင့်မြှင့်တင်နိုင်မည့် Guradian Link စနစ်တပ်ဆင်အသုံးပြုနိုင်ရေးအတွက် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရပါတယ်။ ဓါးပြတိုက်လုယက်မှု အပါအဝင် အရေးပေါ်အခြေအနေကြုံလာပါက ချက်ချင်းအကြောင်းကြားနိုင်ရန် သက်ဆိုင်ရာနယ်မြေရဲစခန်းများနှင့်ပါ ချိတ်ဆက်ထားတဲ့ Guradian Link နည်းပညာနှင့်စက်ပစ္စည်းတပ်ဆင် အသုံးပြု မည်ဆိုပါက ငွေကျပ် ၁၂ သိန်းနှင့် လစဉ်ကြေး ငွေကျပ် နှစ်သောင်းကျော်သာ ကျသင့်မှာဖြစ်လို့ ကြိုတင်စာရင်းပေး မှာယူမှု များပြားနေကြောင်း သိရပါတယ်။ (NVS 004)