“ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရန် လေဆိပ်အပါအဝင် ဆိပ်ကမ်းနှင့် နယ်စပ်ဂိတ်များကို စောင့်ကြည့်နေ”
26 May
မိုးရာသီတွင် ဖြစ်ပွားတတ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများဖြစ်သည့် ရာသီတုပ်ကွေး ရောဂါနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါအစည်းဝေးပွဲမှာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက အိမ်နီးချင်းနိုင်ငံများတွင် ပြန်လည်ဖြစ်ပွားနေ ကိုဗစ်–၁၉ ရောဂါကူးစက်မှု မရှိစေရေးကာကွယ်ထိန်းချုပ်မှုများ ပြုလုပ်နိုင်ရန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ်ဂိတ်များတွင် စောင့်ကြည့်နေကြောင်း ပြောကြား ခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံအချို့နှင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများအပါအဝင် ဒေသတွင်းနိုင်ငံအချို့တွင် ရာသီတုပ် ကွေးရောဂါနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုများ လတ်တလောမြင့်တက်လာသည်ကို တွေ့ရှိရပြီး ဒေသတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု အနည်းငယ်မြင့်တက်လာနေပေမယ့် ကိုဗစ်-၁၉ အိုမီခရွန်ဗီဇပြောင်းမျိုးကွဲများဟာ XBB နှင့် JN.1 တို့မှ မျိုးရိုးဗီဇပြောင်းလာသော ရောဂါပိုးများဖြစ်ပြီး ရောဂါပြင်းထန်မှုနှင့် ပိုမိုသေဆုံးမှုမရှိကြောင်း သိရပါတယ်။ လက်ရှိထိုးနှံနေသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံခြင်းဖြင့် ရောဂါပြင်းထန်နိုင်ခြေနှင့် သေဆုံးနိုင်ခြေကို ထိရောက်စွာလျှော့ချနိုင်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။ ကိုဗစ်-၁၉ ရောဂါကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပြည်သူ့ကျန်းမာရေးဆိုင်ရာ နိုင်ငံတကာအရေးပေါ် အခြေအနေအဖြစ်မှ ရုပ်သိမ်း ခဲ့သော်လည်း ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံဖြတ်ကျော် ဝင်ပေါက်၊ထွက်ပေါက်များဖြစ်သော အပြည်ပြည် ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ်ဂိတ်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ သံသယလက္ခဏာရှိသူများကို ဓာတ်ခွဲ စစ်ဆေးခြင်း၊ မျိုးရိုးဗီဇပြောင်းလဲမှု စစ်ဆေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း အစရှိသော ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ဒါ့အပြင် မိုးရာသီကာလ စိုစွတ်တဲ့ရာသီဥတုအခြေအနေကြောင့် အသက်ရှူလမ်းကြောင်းမှ ကူးစက် တတ်သော ရာသီတုပ်ကွေးရောဂါနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုများကို ပိုမိုအားဖြည့်စောင့်ကြပ်ကြည့်ရှု ရမည်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှု၍ အပတ်စဉ်သတင်းထုတ်ပြန်ခြင်းကို ဆောင်ရွက် လျက်ရှိရာ ယခုရက်သတ္တပတ်မှာ အနည်းငယ်မြင့်တက်လာသော်လည်း ပြင်းထန်လူနာနှင့် အထူးကြပ်မတ်ကုသမှု ပေးရသော လူနာများမရှိခြင်း၊ သေဆုံးသူမရှိခြင်းတို့ကြောင့် စိုးရိမ်ဖွယ်ရာ မရှိကြောင်း၊ ဦးစားပေး အုပ်စုများကို ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေးများကို ထိုးနှံပေးခြင်းကို ဆက်လက်အရှိန်အဟုန် မြှင့်တင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန ဆေးသုတေသနဦးစီးဌာနမှ SARS CoV-2 မျိုးရိုး ဗီဇပြောင်းလဲမှုအား စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုလျက်ရှိရာ ယခုအထိတွေ့ရှိရသော ဗီဇပြောင်းပိုးများက ကမ္ဘာ့နိုင်ငံများမှာ ကူးစက်လျက်ရှိပြီး ပြင်းထန်မှုမရှိတဲ့ မျိုးကွဲများဖြစ်တဲ့အတွက် လက်ရှိထိုးနှံပေးနေသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများဖြင့် ထိရောက်စွာကာကွယ်နိုင်ကြောင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်၊ ထိန်းချုပ်၊ကုသရေးလုပ်ငန်းများကိုပိုမိုအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။