တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မိုးထစ်ချုန်းရွာနိုင်
25 May
၂၀၂၅ ခုနှစ်၊ မေလ ၂၅ ရက် နံနက် ၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်အရ ယနေ့ညနေအထိ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားရှိပါတယ်။ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၊ အရှေ့အလယ်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ယနေ့ညနေ အထိ ခန့်မှန်းချက်အရ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာ ကွက်၍ မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း ထုတ်ပြန်ထားရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်လို့ ကြိုတင်သတိပြုနိုင်ရန် အကြံပြုထုတ်ပြန်ထားပါတယ်။ နောက် ၂ ရက်အတွက်ခန့်မှန်းချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးပိုလာမည်ဖြစ်ကြောင်း သိရပါတယ်။(NVS 004)