ကျိုင်းတုံမြို့ရှိ လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်ခြင်းနှင့် သီလဓမ္မ ဆေးရုံတော်ဖွင့်လှစ်

25 May

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)၊ ဝတ္ထုကံတော်အတွင်းတည်ထားကိုးကွယ်သည့် လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်ခြင်းမင်္ဂလာ အခမ်းအနားကို မေလ ၂၄ ရက် နံနက်ပိုင်းကကျင်းပခဲ့ပြီး အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ ကျိုင်းတုံမြို့၊ တူးယားကျောင်းတိုက်ပဓာန နာယက အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ပညာသာမိ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူခဲ့ကြပြီး နစကဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး၊ တာဝန်ရှိသူများနှင့် အလှူရှင်များ တက်ရောက်ကြည်ညိုပူဇော်ခဲ့ကြပါတယ်။ အခမ်းအနားတွင် နစကဥက္ကဋ္ဌနှင့်ဇနီး၊ တက်ရောက်လာကြသူများက တူးယားကျောင်းတိုက် ပဓာနနာယက ဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်၊ သံဃာတော်များက ပရိတ်တရားတော်များကို ရွတ်ပွါးသရဇ္ဈာယ်တော်မူခဲ့ကြပါတယ်။ ထို့နောက် နစကဥက္ကဋ္ဌနှင့်ဇနီးတို့မှ ရတနာသရဖူတော်ကြီးနှင့် ဌာပနာတော်များကိုဆက်ကပ်၍ လှူဖွယ် ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပြီးနောက် ရှမ်းပြည်နယ်၊ ဗုဒ္ဓတက္ကသိုလ်(တောင်ကြီး)၏ ဒုတိယပါမောက္ခချုပ် ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိစိတ္တာဘိပါလ ထံမှ နစကဥက္ကဋ္ဌနှင့်ဇနီး၊ တက်ရောက်လာကြသူများက အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပါတယ်။ နစကဥက္ကဋ္ဌနှင့်ဇနီး၊ တာဝန်ရှိသူများက ရတနာသရဖူတော်ကြီးနှင့် ဌာပနာတော်များကို လက်ဆင့်ကမ်း ပင့်ဆောင်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ်ပင့်ဆောင်ပြီး ဝစီပိတ်ဆရာတော်နှင့် နစကဥက္ကဋ္ဌတို့က ရတနာ သရဖူတော်ကြီးနှင့် ဌာပနာတော်များကို သွင်းလှူပူဇော်ကြပါတယ်။ ဌာပနာတော်တိုက်ကို ဘုရားဒါယကာများနှင့် ဗိသုကာပညာရှင်များက ပိတ်ခဲ့ကြပြီးနောက် နစကဥက္ကဋ္ဌနှင့်ဇနီး၊ တာဝန်ရှိသူများ၊ အလှူရှင်များက လောကသရဖူ စေတီတော်မြတ်ကြီးအား လှည့်လည်ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သိရပါတယ်။ ဆက်လက်ပြီး ဗုဒ္ဓဥယျာဉ်တော်အတွင်း အသစ်ဆောက်လုပ်ပြီးစီးခဲ့သည့် သီလဓမ္မဆေးရုံတော် ဖွင့်လှစ်ခြင်း အခမ်းအနားကို ဆက်လက်ပြုလုပ်ရာ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တ ဉာဏသိရီ က သီလဓမ္မဆေးရုံတော် ဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်းပြီး ရှင်းလင်းတင်ပြကာ ကျိုင်းတုံဒေသခံ၊ အာခါတိုင်းရင်းသားလူမျိုးအကြီးအကဲ ဦးမင်းညို က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါတယ်။ ထို့နောက် ဝစီပိတ်ဆရာတော်ကြီး၊ နစကဥက္ကဋ္ဌနှင့်ဇနီးတို့က သီလဓမ္မဆေးရုံတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ခဲ့ပြီး ဆေးရုံတော်တည်ဆောက်နေစဉ်ကာလအတွင်း ကုသပေးခဲ့မှုအခြေအနေများ၊ ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ် လက်ရှိ ကာလအထိ ပြင်ပလူနာအဖြစ် ကုသပေးခဲ့မှုအခြေအနေများ၊ ပန်ကွဲတောင်ပေါ်နှင့် ပတ်ဝန်းကျင်ဒေသရှိ တိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်ပေရန်၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း လာရောက်တရားအားထုတ်သူများ၊ ဘုရားဖူးလာ ရဟန်းရှင်လူများအတွက် ခရီးသွားကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်ရည်ရွယ်ချက်တို့ဖြင့် သီလဓမ္မ ဆေးရုံတော်ကို တည်ဆောက်ခဲ့မှုအခြေအနေများ၊ အထူးကြပ်မတ်ကုသဆောင်၌ လူနာများကုသရာတွင် ပြည်တွင်း၊ ပြည်ပမှ အထူးကျွမ်းကျင်သည့် ဆေးပညာရှင်များနှင့် အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်ကုသခြင်းစနစ် (Teleconsulation)ဖြင့် ဆေးကုသမှုများ ဆောင်ရွက်ပေးထားမှုနှင့် လူနာခန်းများ၊ ခွဲစိတ်ကုသခန်းများကို လိုက်လံ ကြည့်ရှုကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရပါတယ်။(NVS 004)

25 May

ADVERTISE HERE .