နောက်ကွယ်မှ အာဏာထိန်းချုပ်ထားသူများကိုဖြိုခွင်းရန် ထရမ့်နှင့် ရူဘီယို က အမျိုးသားလုံခြုံရေးကောင်စီ ကို ပြင်ဆင်ဖွဲ့စည်းမည်
25 May
အမေရိကန်နိုင်ငံ၏ ကဏ္ဍပေါင်းစုံ၌ နောက်ကွယ်မှအာဏာထိန်းချုပ်ထားသူများ (Deep State) ကို ဖြိုခွင်းရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို တို့က အမျိုးသားလုံခြုံရေး ကောင်စီကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ အိမ်ဖြူတော်မှတာဝန်ရှိသူများက ပြောသည်။ အမျိုးသားလုံခြုံရေးကောင်စီကိုပြင် ဆင်ဖွဲ့စည်းရာတွင် ထိုကောင်စီမှလက်ရှိဝန်ထမ်းအယောက် ၃၅၀ ကို ထက်ဝက်လျှော့ချခြင်း၊ အမျိုးသားလုံခြုံရေးကောင်စီ၏ အာဏာအများစုကို နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပင်တဂွန် စစ်ဌာနချုပ်သို့ လွှဲပြောင်းပေးခြင်းတို့ ပါဝင်မည်ဖြစ်သည်ဟု သတင်းအရင်းအမြစ်များ၏ ပြောဆိုချက်ကို ကိုးကား၍ Axios သတင်းဌာနက ဖော်ပြထားသည်။ ယခုကဲ့သို့ အမျိုးသားလုံခြုံရေးကောင်စီ၏ အရွယ်အစားကိုလျှော့ချခြင်းသည် ထိုကောင်စီ၏ မူလ ရည်ရွယ်ချက်၊ ထရမ့်၏ မျှော်မှန်းချက်တို့နှင့်အညီ လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းကြောင့် အမျိုးသားလုံခြုံရေးကောင်စီအနေဖြင့် အုပ်ချုပ်ရေးကဏ္ဍတွင် အခြားသောဌာနများနှင့် ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်စေမည်ဖြစ်ကြောင်း ရူဘီယို ကထုတ်ပြန်ချက်တစ်ခုတွင် ပြောထားသည်ဟု သတင်းဌာနက ဆက်လက်ဖော်ပြထားသည်။ ထို့ပြင် အမျိုးသားလုံခြုံရေးကောင်စီကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်းသည် မူဝါဒများကို အကောင် အထည်ဖော်ခြင်းထက် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အကြံပေးခြင်းတို့ကို ပိုမိုအလေးပေးနိုင်စေရန်ဖြစ်ကြောင်း အိမ်ဖြူတော်မှတာဝန်ရှိသူ တစ်ဦးကပြောထားသည်။