၂၀၂၅-၂၀၂၆ ခုနှစ် စိုက်ပျိုး/မွေးမြူ‌ရေး လျာထားချက်ပြည့်မီရေးအတွက် ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးမည်

24 May

စိုက်ပျိုးရေးနှင့် မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်၏ တတိယအကြိမ်အစည်းအဝေးကို မေလ ၂၂ ရက် မွန်းလွဲပိုင်း တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ၂၀၂၅-၂၀၂၆ ခုနှစ် စိုက်ပျိုး/မွေးမြူ‌ရေး လျာထားချက်ပြည့်မီရေးအတွက် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ညိုစော က ပြောကြားခဲ့ပါတယ်။ အစည်းအဝေးတွင် မန္တလေးငလျင်ကြီးကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများမှာ ထိခိုက်ပျက်စီးမှုများ အပေါ် ပြန်လည်ဖြည့်ဆည်းဆောင်ရွက်မည့် အစီအစဉ်များဆွေးနွေးခဲ့ပြီး ၂၀၂၅-၂၀၂၆ ခုနှစ် စိုက်ပျိုးရေး၊ မွေးမြူရေး လျာထားချက်များ ပြည့်မီရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံး လျာထားချက်ပြည့်မီစေရန် ကဏ္ဍ အလိုက်၊ ဒေသအလိုက်တင်ပြမှုများကို ကော်မရှင်အနေဖြင့် ကူညီပံ့ပိုးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။ ငလျင်ဒဏ်ကြောင့် ထိခိုက်မှုဖြစ်ပေါ်ခဲ့သည့် ဒေသများတွင် စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက် နိုင်ရေးကို တာဝန်ရှိသူများက ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေလုံလောက်စွာ ရရှိရေးအတွက် နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင်လုပ်ငန်းများ ဆောင်ရွက်ရန်လိုကြောင်း၊ ငလျင်ထိခိုက်မှုမရှိသည့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအနေဖြင့် မွေးမြူရေးလုပ်ငန်းများကို ပိုမိုတိုးချဲ့ဆောင်ရွက်သွားရန်လိုအပ်ကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။ နိုင်ငံတော်အကြီးအကဲက မေလ ၂၀ ရက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ပြည်ထောင်စုဝန်ကြီးများအနေဖြင့် မိမိတို့၏တင်ပြချက်များသည် အချက်အလက်များ မှန်ကန်မှု ရှိရန်နှင့် မြေပြင်အချက်အလက်များနှင့် ကိုက်ညီမှုရှိရန်လိုအပ်ကြောင်း၊ အချက်အလက်များမှန်ကန်မှုရှိမှသာလျှင် နောင်တွင် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းရပ်များအတွက် မှန်ကန်သည့်ဆုံးဖြတ်ချက်များကို ချမှတ်နိုင်မည် ဖြစ်ကြောင်း၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်သည့် အဖွဲ့ချုပ်များ၊ လုပ်ငန်းရှင်များအနေဖြင့် လမ်းညွှန်မှာကြားချက်များကို အလေးထားလိုက်နာဆောင်ရွက်ပြီး လိုအပ်ချက်ကို ဆွေးနွေးပေးနိုင်ရန်နှင့် ကော်မရှင်အနေဖြင့် မိမိတို့နိုင်ငံနှင့် သင့်တော်သောနည်းလမ်းနှင့် စနစ်ကို လက်တွေ့အကောင်အထည်ဖော်နိုင်ရေးကို ဦးတည်ပြီး ညှိနှိုင်းပေါင်းစပ် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ညိုစော က ပြောကြားခဲ့ကြောင်း သိရပါတယ်။(NVS 004)

24 May

ADVERTISE HERE .