ဂျပန်နိုင်ငံ၌ ဆန်ဈေးနှုန်းများစံချိန်တင်မြင့်တက် ယမန်နှစ်ကထက် ၉၈ ရာခိုင်နှုန်းရှိလာ
24 May
ဂျပန်နိုင်ငံ၌ ဆန်ဈေးနှုန်းများမြင့်တက်မှုသည် စံချိန်တင်လာပြီး ယမန်နှစ်ကထက် ၉၈ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း အစိုးရ၏ မေလ ၂၃ ရက်ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ယခုကဲ့သို့ ဆန်ဈေးနှုန်းများမြင့်တက်လာခြင်းသည် လပေါင်းများစွာကြာမြင့်နေပြီဖြစ်ပြီး ယင်းကိစ္စက ဂျပန်ဝန်ကြီးချုပ် ရှီဂဲရူအီရှီဘာ၏ အစိုးရအဖွဲ့အတွက် ခေါင်းခဲစရာကိစ္စတစ်ခုဖြစ်လာသည်။ ဂျပန်နိုင်ငံ၏ ယဉ်ကျေးမှုတွင် ရာစုနှစ်ပေါင်းများစွာကြာ အရိုးစွဲနေသည့် ဆန်၏ဈေးနှုန်းများ စံချိန်တင်မြင့်တက်ရခြင်းမှာ ဆန်ရှားပါးလာမှုကြောင့်ဖြစ်ကြောင်း လေ့လာသူများကပြောသည်။ အလားတူ ၂၀၂၃ ခုနှစ်တွင် အပူချိန်မြင့်တက်မှု၊ ၂ဝ၂၄ ခုနှစ်တွင် ဝယ်လိုအားများပြားလာမှု၊ အမှန်တကယ် ဖြစ်ပေါ်လာခြင်းမရှိသည့် ငလျင်ကြီးဖြစ်ပေါ်လာမည်ဟူသော ကောလာဟလကြောင့် ကြောက်လန့်တကြား ဝယ်ယူမှု စသည့်အကြောင်းရင်းများကြောင့်လည်း ဆန်ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်သည်။ ပြီးခဲ့သည့် နှစ်များစွာအတွင်း ပြည်သူများအနေဖြင့် ဆန်စားသုံးမှုနည်းပါးသည့်အတွက် အစိုးရကလည်း လယ်မြေများတွင် စပါးကိုစိုက်ပျိုးမည့်အစား အခြားကောက်ပဲသီးနှံများကို ပိုမိုစိုက်ပျိုးရန် မူဝါဒချမှတ်ခဲ့သလို တစ်ချိန်တည်းမှာပင် ဂျပန်နိုင်ငံ၌ သက်ကြီးရွယ်အိုများပြားလာမှုနှင့်အတူ တောင်သူအများစုမှာ အသက်အရွယ် ကြီးရင့်လာသည့်အပြင် ၎င်းတို့၏မျိုးဆက်များက လယ်ယာစိုက်ပျိုးရေးကို လုပ်ဆောင်လိုခြင်းမရှိမှုတို့ကြောင့် ဂျပန်နိုင်ငံအတွင်း ဆန်စပါးထွက်ရှိမှုနည်းပါးလာခြင်းဖြစ်သည်။ ထို့အတူ ၁၉၆၁ ခုနှစ်တွင် စပါးစိုက်ပျိုးဧရိယာ ဟက်တာပေါင်း ၃ ဒသမ ၄ သန်းရှိရာမှ ၂၀၂၄ ခုနှစ်တွင် ဟက်တာ ၂ ဒသမ ၃ သန်းအထိ ကျဆင်းလာကြောင်း သိရသည်။