ရုရှားနှင့် ယူကရိန်းတို့ အကျဉ်းသားချင်း အပြန်အလှန်ဖလှယ်မှုစတင်
24 Mayရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံ တို့သည် အဓိက အကျဉ်းသားချင်း အပြန်အလှန်ဖလှယ်မှုတစ်ရပ်ကို မေလ ၂၃ တွင် စတင်နေပြီဖြစ်ကြောင်း သိရသည်။ သုံးနှစ်ကျော်ကြာ ကာလအတွင်း ပထမဆုံးအကြိမ် ကျင်းပနိုင်ခဲ့သည့် နှစ်နိုင်ငံတိုက်ရိုက်ဆွေးနွေးပွဲ၌ ရယူထားသည့် သဘောတူညီချက်များအရ အဆိုပါ အကျဉ်းသားချင်း အပြန်အလှန် ဖလှယ်မှုအစီအစဉ်ကို ရုရှားနှင့် ယူကရိန်းတို့က စတင်နေခြင်းဖြစ်သည်။ တူကီယဲနိုင်ငံ၊ အစ္စတန်ဘူလ်မြို့၌ မေလအတွင်း ကျင်းပနိုင်ခဲ့သည့် တိုက်ရိုက်ဆွေးနွေးပွဲတွင် အကျဉ်းသား ဦးရေ ၁,၀၀၀ စီ အပြန်အလှန်လဲလှယ်ရန် ရုရှားနှင့် ယူကရိန်းတို့က သဘောတူထားသည်။ အစ္စတန်ဘူလ် ဆွေးနွေးပွဲ ရလဒ်များအရ ရုရှားနှင့် ယူကရိန်းတို့အကြား အကျဉ်းသားချင်း အပြန်အလှန် ဖလှယ်မှုအစီအစဉ် စတင်နေမှုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ကလည်း အတည်ပြုထားသည်။ မေလ ၁၆ ရက် အစ္စတန်ဘူလ်ဆွေးနွေးပွဲတွင် ရုရှားနှင့် ယူကရိန်းတို့အနေဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရယူနိုင်မှုမရှိခဲ့ကြောင်း သိရသည်။ ရုရှားနှင့် ယူကရိန်းတို့ကြား ယခင်ပြုလုပ်ခဲ့သည့် အကျဉ်းသားချင်း အပြန်အလှန်ဖလှယ်မှု အစီအစဉ်များမှာ အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)၏ ကြားဝင်ညှိနှိုင်းမှုဖြင့် ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။