ဘာစီလိုနာအသင်းက ရာဖင်ဟာ ကို ၂၀၂၈ ခုနှစ်ထိ စာချုပ်သစ်ချုပ်ဆို
23 May
ဘာစီလိုနာအသင်းက ယခုနှစ်ဘောလုံးရာသီတွင် အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်း ပြသလျက်ရှိတဲ့ တောင်ပံတိုက်စစ်ကစားသမား ရာဖင်ဟာ ကို ၂၀၂၈ ခုနှစ်ထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။ အသက် ၂၈ နှစ်အရွယ် ရာဖင်ဟာ အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က လိဒ်ယူနိုက်တက်အသင်းမှ ဘာစီလိုနာ အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ အစောပိုင်းဘောလုံးရာသီများက ခြေစွမ်းပြသနိုင်ရန် ရုန်းကန်ခဲ့ရသော်လည်း ယခုနှစ်ဘောလုံးရာသီတွင် အသင်းနှင့်အတူ ထိပ်တန်းအဆင့်ရှိခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်။ ယခုနှစ်ဘောလုံးရာသီတွင် ဘာစီလိုနာအသင်းက တစ်ရာသီအတွင်း စပိန်လာလီဂါဖလား၊ စပိန်စူပါဖလားနှင့် စပိန်ကိုပါဒရေးဖလား အစရှိတဲ့ ဆုဖလားများကို ဆွတ်ခူးနိုင်ခဲ့ရာ၌ ရာဖင်ဟာ က အဓိကကစားသမားအဖြစ် ပါဝင်ခဲ့ပါတယ်။ အသင်းနှင့်အတူ စပိန်လာလီဂါပြိုင်ပွဲတွင် ၁၈ ဂိုး သွင်းယူထားနိုင်ခဲ့ပြီး ဂိုးဖန်တီးမှုကိုးကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ လက်ရှိရာသီတွင် ပြိုင်ပွဲစုံ ၅၆ ပွဲပါဝင်ကစားခဲ့ရာ သွင်းဂိုး ၃၄ ဂိုးနှင့် ဂိုးဖန်တီးမှု ၂၂ ကြိမ်ထိ ပြုလုပ်နိုင်ခဲ့ကာ စံချိန်မှတ်တမ်းကောင်းများကိုလည်း ရရှိခဲ့ပါတယ်။ ဘာစီလိုနာအသင်းက လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ရာဖင်ဟာ ကို မြင့်မားသည့် ပြောင်းရွှေ့ကြေးတစ်ရပ်ရရှိပါက ရောင်းချရန်စီစဉ်ထားသော်လည်း နောက်ပိုင်းတွင် အသင်း၌ ဆက်လက်ထိန်းသိမ်း ထားရှိရန်ဆုံးဖြတ်ခဲ့ကာ ၂၀၂၈ ခုနှစ်ထိ သက်တမ်းတိုးစာချုပ်ကို ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။(NVS 008)