“လူမှုဖူလုံရေးစီမံကိန်းကို အကျုံးဝင်မြို့နယ် ၁၂၆ မြို့နယ်အထိ တိုးချဲ့ဆောင်ရွက်”
23 May
လူမှုဖူလုံရေးစီမံကိန်းကို အကျုံးဝင်မြို့နယ် ၁၂၆ မြို့နယ်အထိ တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်းကို မေလ ၂၂ ရက်က ဝန်ကြီးဌာနယာယီအစည်းအဝေးခန်းမမှာ အလုပ်သမားဝန်ကြီးဌာန အမျိုးသားအဆင့်လူမှုဖူလုံရေးအဖွဲ့ အစည်း အဝေး (၁/၂၀၂၅) ကျင်းပခဲ့ပါတယ်။ အစည်းအဝေးသို့ အမျိုးသားအဆင့်လူမှုဖူလုံရေးအဖွဲ့ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ အမျိုးသားအဆင့်လူမှုဖူလုံရေးအဖွဲ့ အစိုးရကိုယ်စားလှယ်များနှင့် Online မှ အလုပ်ရှင်/ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ပြည်ထောင်စုဝန်ကြီးက လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အလုပ်သမားများ၏ လူမှုဘဝလုံခြုံရေးအတွက် လူမှု ကာကွယ်စောင့်ရှောက်မှုများကို လူမှုဖူလုံရေးဥပဒေနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိမှာ လူမှုဖူလုံရေးစီမံကိန်းကို အကျုံးဝင်မြို့နယ် ၁၂၆ မြို့နယ်အထိ တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပြီး အလုပ်ဌာနများမှ အာမခံအလုပ်သမား ၁ ဒသမ ၂၉ သန်းခန့်အတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ငွေကြေးအကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အာမခံအလုပ်သမားများ၏အကျိုးကို ရှေးရှုပြီး အစည်းအဝေးတွင် မန္တလေးမြေငလျင် လှုပ်ခတ်မှုဖြစ်စဉ်ကြောင့် ငလျင်ဘေးသင့်ခဲ့သည့် တိုင်းဒေသကြီး/ပြည်နယ် ခြောက်ခုရှိ အာမခံထားရှိသူများအား သဘာဝ ဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းပေးအပ်ခြင်းနှင့် အာမခံ အလုပ်သမားများ၏ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်၊ ကောလိပ်တို့၌ အချိန်ပြည့် ပညာသင်ကြား နေသော သားသမီးများအတွက် ပညာသင်စရိတ်ခွင့်ပြုထုတ်ပေးခြင်းများအား မှတ်တမ်းတင်အတည်ပြု ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး လူမှုဖူလုံရေးအဖွဲ့ ခေတ္တညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းဆောင်ရွက်မှုများ၊ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး အမျိုးသားအဆင့်အဖွဲ့ဝင် ဒုတိယဝန်ကြီးနှင့် ဌာနကိုယ်စားလှယ်များက လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရပါတယ်။ (NVS-004)