“ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားအဖြစ် စပါးအသင်းမှ ရိုမဲရိုးနှင့် လိုင်ယွန်အသင်းမှ ချီကီ တို့ကိုရွေးချယ်”
23 May
ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က ၂၀၂၄-၂၅ ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုနှင့် အကောင်းဆုံးလူငယ်ကစားသမားဆု ရရှိသူများကို ထုတ်ပြန်ကြေညာခဲ့ရာ စပါးအသင်းခေါင်းဆောင် နောက်ခံလူ ရိုမဲရိုး က အကောင်းဆုံးကစားသမားဆု ရရှိခဲ့ပြီး လိုင်ယွန်အသင်း၏ ကွင်းလယ်တိုက်စစ်ကစားသမား ချာကီက အကောင်းဆုံးလူငယ်ကစားသမားဆု ရရှိခဲ့ကြောင်း သိရပါတယ်။ အာဂျင်တီးနားကစားသမား ရိုမဲရိုး က ယူရိုပါလိဂ်ပြိုင်ပွဲမှာ စပါးအသင်း ချန်ပီယံဆု ရရှိခဲ့ရာမှာ အကောင်းဆုံး ခြေစွမ်းပြခဲ့တာကြောင့် UEFA ရဲ့ နည်းစနစ်လေ့လာရေးအဖွဲ့က အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ရိုမဲရိုး က ယခုရာသီယူရိုပါလိဂ်ပြိုင်ပွဲမှာ စုစုပေါင်း ၇ ပွဲသာ ပါဝင်ကစားခဲ့ပေမယ့် ဗိုလ်လုပွဲအပါအဝင် ရှုံးထွက်အဆင့်ပွဲစဉ်များမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့အတွက် အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရပါတယ်။ လိုင်ယွန်အသင်းရဲ့ ပြင်သစ်ကွင်းလယ်တိုက်စစ်ကစားသမား ချာကီ ကတော့ ယခုရာသီ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ၁၂ ပွဲအထိ ပါဝင်ကစားခဲ့ရပါတယ်။ လိုင်ယွန်အသင်းအနေဖြင့် ကွာတားဖိုင်နယ်အဆင့်မှ ထွက်ခဲ့ရသော်လည်း ချာကီ က သွင်းဂိုး ၄ ဂိုး၊ ဂိုးဖန်တီးမှု ၈ ကြိမ်အထိဖန်တီးထားနိုင်ခဲ့တာကြောင့် အကောင်းဆုံး လူငယ်ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်ပါတယ်။ (NVS 008)