“ကြက်ငှက်တုပ်ကွေးရောဂါက ကမ္ဘာ့ကပ်ရောဂါဖြစ်လာနိုင်ခြေနှင့်ပတ်သက်၍ ရုရှားထိပ်တန်းသုတေသန ပညာရှင် သတိပေး”

23 May

H5N1 အမျိုးအစား ကြက်ငှက်တုပ်ကွေးရောဂါပိုးသည် ကြောင်များတွင်ပါ ကူးစက်ပျံ့နှံ့လာလျက်ရှိပြီး ထိုမှ တစ်ဆင့် လူသားများသို့ ရောဂါပိုးကူးစက်ပျံ့နှံ့လာကြောင်း၊ အဆိုပါကြက်ငှက်တုပ်ကွေး ရောဂါပိုးသည် ကမ္ဘာ့ကပ် ရောဂါအဖြစ်သို့ပင် ရောက်ရှိလာနိုင်ကြောင်း ရုရှားနိုင်ငံ၏ထိပ်တန်းသုတေသနဌာနဖြစ်သည့် ဂါမယ်လီယာ သုတေသနဌာနမှူး အလက်ဇန်းဒါး ဂျင့်စဘာ့က သတိပေးထားသည်။ ထို့ကြောင့် တိရစ္ဆာန်များအချင်းချင်းသာမက လူသားများအချင်းချင်းကြားမှာပါ ကူးစက်ပျံ့နှံ့လာနိုင်သည့် ထိုရောဂါပိုးကို ကာကွယ်နိုင်ရေးအတွက် ကာကွယ် ဆေးကို အဆင့်တစ်နှင့်အဆင့်နှစ် လက်တွေ့စမ်းသပ်မှုများလုပ်ဆောင်ထားသင့်ကြောင်း ကမ္ဘာ့ပထမဆုံးကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sputnik V ကို မှတ်ပုံတင်နိုင်ခဲ့သည့် အဆိုပါသုတေသနဌာနက ထုတ်ပြန်ထားသည်။ H5N1 ရောဂါပိုး၏ မျိုးရိုးဗီဇပြောင်းရောဂါပိုးက လေထဲမှတစ်ဆင့် လူအချင်းချင်းကူးစက်နိုင်စေကြောင်း၊ ထိုသို့ကူးစက်မှုကြောင့်ဖြစ်ပေါ်လာနိုင်သည့် အခြေအနေသည် ရေကျောက်ရောဂါဖြစ်ပွားမှုထက် ပိုမိုပြင်းထန်နိုင် ကြောင်း သုတေသနပညာရှင် ဂျင့်စဘာ့ က ပြောသည်။ မေလအစောပိုင်းတွင် မာရီလန်းတက္ကသိုလ်မှ သုတေသန ပညာရှင်များက ဒေသတွင်းရှိကြောင်များတွင် ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှု ပမာဏမြင့်တက်လာနေကြောင်း၊ နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ကြောင်အကောင် ၆၀၀ တွင် ထိုရောဂါဖြစ်ပွားနေကြောင်းနှင့် သေဆုံးနိုင်ခြေမှာ ၅၀ ရာခိုင်နှုန်း တွေ့ရသည်ဟုပြောထားသည်။ ကြောင်များသည် ရောဂါပိုးကူးစက်ခံထားရသော ကြက်ငှက် များ၊ မွေးမြူရေးကြက်ဘဲအစိမ်းများ၊ ရောဂါကူးစက်ခံရသော ကျွဲ၊ နွားများ၏ နို့အစိမ်းများကို စားသောက်ခြင်းတို့ကြောင့် ရောဂါကူးစက်ခြင်းဖြစ်သည်ဟု RT သတင်းဌာန ဖော်ပြချက်အရ သိရသည်။

23 May

ADVERTISE HERE .