“ပေါ်ဆန်း ဆန်တင်ပို့ရန် မျိုးစေ့၊ နည်းပညာနှင့်အရင်းအနှီး လိုအပ်”

23 May

မြန်မာ့ပေါ်ဆန်းကို နိုင်ငံတကာဈေးကွက်သို့ တင်ပို့ရောင်းချရန် စီစဉ်နေပြီး ဈေးကွက်ဝင်ပေါ်ဆန်းစပါးကို တောင်သူတွေ စိုက်ပျိုးနိုင်ဖို့ ငွေကြေးအရင်းအနှီး၊ အရည်အသွေးမီ စပါးမျိုးစေ့နဲ့ နည်းပညာလိုအပ်ချက်တွေ ရှိတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်က တောင်သူတချို့ထံက သိရပါတယ်။ ဧရာဝတီတိုင်းဒေသကြီး ပေါ်ဆန်းဖိုရမ် ၂၀၂၅ ရဲ့ ရှေ့ဆက်ခရီး ဖျာပုံခရိုင် နှင့် MRF ဒေသကော်မတီ(၅)တို့ ပူးပေါင်းဆောင်ရွက်တဲ့ ဧရာဝတီပေါ်ဆန်းနှင့် ဆန်စပါး လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး စိုက်သူ/ကြိတ်သူ/ရောင်းဝယ် သူတို့ ဆွေးနွေးပွဲကို မေလတတိယပတ်က ဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ပေါ်ဆန်းအရည်အသွေးမြှင့်တင်ဖို့၊ မျိုးကောင်းမျိုးသန့်တွေ ရွေးချယ်စိုက်ပျိုးဖို့နဲ့ ပြည်တွင်း ပြည်ပ ဈေးကွက်ထိုးဖောက်နိုင်ဖို့ စတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။ လက်ရှိမှာ နိုင်ငံတကာဈေးကွက်ကို ဧည့်မထနဲ့ငစိန် အုပ်စုဝင်တွေဖြစ်တဲ့ ဆင်းသုခ၊ သီးထပ်ယဉ်၊ ရတနာတိုး၊ ငစိန်ရာကျော်၊ ကရင်မ၊ ထွန်းပု၊ GW-11 ၊ စောရှုပ်၊ ၇၄၇၊ သီးပု၊ နှံကောက်၊ ဇီယာ၊ ငွေတိုး၊ မင်းဧရာ၊ ရွှေမန်း စတဲ့ ဆန်ကြမ်းတွေကို အဓိကတင်ပို့နေတာ ဖြစ်ပါတယ်။ နိုင်ငံတကာဈေးကွက်ကို မြန်မာ့ပေါ်ဆန်းတင်ပို့နိုင်ဖို့အတွက် ဈေးကွက်ရှာဖွေနေဆဲဖြစ်ပြီး ဈေးကွက်ရရှိရင် ဈေးကွက်ဝင်အရည်အသွေးမီ ပေါ်ဆန်းဆန်တွေ ထုတ်လုပ်နိုင်ဖို့ ဆက်လက်ဆောင်ရွက်ရမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ ဒေသကော်မတီ(၅) (ဖျာပုံခရိုင်)ရဲ့ ဥက္ကဋ္ဌ ဦးသောင်းဝင်း က ပြောကြားခဲ့ပါတယ်။ နိုင်ငံတကာ ဈေးကွက်ကို ပေါ်ဆန်းဆန်တွေ တင်ပို့တာကြောင့် ပြည်တွင်းမှာ ပေါ်ဆန်းဆန်ဈေးနှုန်းတွေ လိုက်တက်တာမျိုး မဖြစ်အောင်လည်း စီမံဆောင်ရွက်ဖို့လိုအပ်တယ်လို့ ဆိုပါတယ်။ မြန်မာ့ပေါ်ဆန်းဆန်ကို နိုင်ငံတကာဈေးကွက်များသို့ တင်ပို့နိုင်ရေးအတွက် Myanmar Pawsan Rice Foundation ကို တည်ထောင်ပြီး စိုက်ပျိုးသူတွေအပါအဝင် ကုန်သည်နဲ့ဆန်စက်ပိုင်ရှင်တွေ ပါဝင်တဲ့ အစုအဖွဲ့ တစ်ခု ဖွဲ့စည်းပြီး မျိုးကောင်း မျိုးသန့်ကစလို့ သုတေသနလုပ်ငန်းတွေလည်း ဆောင်ရွက်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ (NVS 004)

23 May

ADVERTISE HERE .