“တိုက်ကြီးမွေးမြူရေးဇုန်ရှိ လုပ်ငန်းများကို ချေးငွေထုတ်ပေး”

23 May

တိုက်ကြီးမွေးမြူရေးဇုန်အတွင်း လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရာမှာ ရင်းနှီးမတည်ငွေလိုအပ်ရင် ချေးငွေတွေ ချေးယူရရှိနိုင်တယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က မေလ ၂၁ ရက်က ရန်ကုန်တိုင်းဒေသကြီးအတွင်းက တည်ဆောက်ဆဲ တိုက်ကြီး မွေးမြူရေးဇုန်ကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ်မှာ ပြောကြားခဲ့ပါတယ်။ မွေးမြူရေးဇုန်အတွင်း လုပ်ငန်းဖော်ဆောင်ရာမှာ ရင်းနှီးမတည်ငွေလိုအပ်ရင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အရင်းမပျောက်မတည်ငွေ၊ MSME ချေးငွေတွေနဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေတွေကို ချေးယူရရှိနိုင်ပါတယ်။ ချေးငွေရယူမယ့်သူတွေအနေနဲ့ ချေးငွေတွေကို သတ်မှတ်ကာလအတွင်း မှန်မှန်ကန်ကန် ပြန်လည်ပေးအပ်ကြဖို့ လိုအပ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး တိုက်ကြီးမွေးမြူရေးဇုန်ကို ဒေသတွင်းသာမက Export ဆောင်ရွက်နိုင်တဲ့အထိ မျှော်မှန်းပြီး အပိုင်းလိုက် နှစ်အလိုက် စီမံချက်တွေချမှတ်ကာ စနစ်တကျအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ၎င်းအပြင် မွေးမြူရေးဇုန်မှာ လာရောက်ရင်းနှီးမြှုပ်နှံမယ့်လုပ်ငန်းရှင်တွေ၊ မွေးမြူရေးလုပ်ငန်းတွေ အဆင်ပြေ စေရန် သက်ဆိုင်ရာဌာနတွေက ဆောင်ရွက်ပေးဖို့နဲ့ ဇီဝကာကွယ်မှုလုပ်ငန်းတွေကိုလည်း ဆောင်ရွက်ထားကြဖို့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ပြောကြားခဲ့ပါတယ်။ မြေဧရိယာ ဧက ၂၁၀၀ ကျော်ရှိတဲ့ တိုက်ကြီးမွေးမြူရေးဇုန်မှာ မွေးမြူရေးလုပ်ငန်းတွေကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၃ ရက်ကစပြီး အပိုင်းအလိုက် စတင်အကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်။ ဇုန်အတွင်း လုပ်ငန်းရှင် တွေက နို့စားနွား၊ အသားစားနွား၊ ဥစားကြက်၊ အသားစားကြက်၊ ဘဲ၊ ငုံး၊ ငန်း၊ အသားစား ကျွဲ၊ ဆိတ်၊ သိုး၊ ဝက်၊ ငါး၊ မျိုးဘဲမ၊ ဘဲနဲ့ ဇီဝစိုးငှက် မွေးမြူရေးလုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ လူဦးရေ ၇ ဒသမ ၃ သန်း ကျော်နေထိုင်ပြီး တိုင်းဒေသကြီးအတွင်းက ထုတ်လုပ်တဲ့ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်တွေက မလုံလောက်လို့တခြား တိုင်းဒေသကြီးနဲ့ပြည်နယ်တွေက စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်တွေကို အားထားနေရကြောင်း သိရပါတယ်။ (NVS 004)

23 May

ADVERTISE HERE .