“စစ်ကိုင်းပြတ်ရွေ့အနီးရှိ ရေသိုးရေလှောင်တမံကို နည်းပညာဆိုင်ရာ အားနည်းချက်မရှိစေရေးအလေးထား ပြုပြင်သွားမည်”

23 May

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ခဲ့တဲ့ ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်က ရေသိုး ရေလှောင်တမံ ဟာ စစ်ကိုင်းပြတ်ရွေ့အနီး တည်ရှိတာကြောင့် ပြန်လည်ပြုပြင်တဲ့နေရာမှာ နည်းပညာဆိုင်ရာ အားနည်းချက် မရှိစေရေး အလေးထားပြီး ပြန်လည်ပြုပြင်တည်ဆောက်သွားရမယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ပြောကြားခဲ့ပါတယ်။ ငလျင်ကြီးကြောင့် အုတ်တွင်းမြို့နယ်က ရေသိုးရေလှောင်တမံ နှင့် ဖြူးမြို့နယ်ရှိ ငမြွေရေလှောင်တမံ တို့ ထိခိုက်ပျက်စီးခဲ့မှုများအား ယာယီပြုပြင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို မေလ ၂၁ ရက်က ဒုတိယဝန်ကြီးက သွားကြည့်ရှုစစ်ဆေးခဲ့ရာမှာ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ အခုလိုကြည့်ရှုစစ်ဆေးရာမှာ ဒုတိယဝန်ကြီးက ယခုမိုးမကျမီကာလအတွင်း ပြုပြင်ဆောင်ရွက်ရန် လျာထား ချက်အတိုင်း ပြီးစီးအောင်ဆောင်ရွက်ရေး၊ မိုးရာသီအကုန် ပွင့်လင်းရာသီမှာ အခိုင်အမာ ပြုပြင်ခြင်း လုပ်ငန်းများကို နည်းပညာပိုင်းဆိုင်ရာ ရေးဆွဲအတည်ပြုထားပြီးဖြစ်သော ဒီဇိုင်းပုံစံများအတိုင်းဆောင်ရွက်နိုင်ရေး ကြိုတင်စီမံ ထားရန်၊ ရေလှောင်တမံနှင့် ဆက်စပ်အဆောက်အအုံများ ဘေးကင်းလုံခြုံမှုအခြေအနေ မျက်မြင်စစ်ဆေးမှု အစီရင်ခံစာပါ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် မှာကြားခဲ့ပါတယ်။ ရေသိုးရေလှောင်တမံဟာ ဆည်ရေသောက်ဧရိယာဧက ၁,၃၅၀ ခန့်ကို နှစ်စဉ်စိုက်ပျိုးရေပေးဝေးနေသည့် တမံတစ်ခုဖြစ်တယ်လို့လည်း သိရ ပါတယ်။ (NVS 004)

23 May

ADVERTISE HERE .