“ရုံးခန်းလိပ်စာ မမှန်မကန်ဖော်ပြခဲ့သည့် ပို့/သွင်းကုန်ကုမ္ပဏီတစ်ခုကို အမည်ပျက်စာရင်းသွင်း”
23 May
ရုံးခန်းလိပ်စာကို မမှန်မကန်ဖော်ပြခဲ့သည့် ပို့ကုန်သွင်းကုန် ကုမ္ပဏီတစ်ခုကို ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ် ၁ နှစ် အတွက် အမည်ပျက်စာရင်း ထည့်သွင်းသတ်မှတ်လိုက်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။ အဆိုပါကုမ္ပဏီမှာ GROWTH WEALTH TRADING LIMITED ဖြစ်တယ်လို့ သိရပြီး ယင်းကုမ္ပဏီအနေနဲ့ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လျှောက်ထားစဥ်က တင်ပြခဲ့တဲ့ ကုမ္ပဏီရုံးခန်းလိပ်စာမှာ မှန်ကန်မှုမရှိကြောင်း စိစစ်တွေ့ရှိခဲ့တာကြောင့် အဆိုပါကုမ္ပဏီကို အမည်ပျက်စာရင်းရေးသွင်းရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပေးပို့လာခြင်းဖြစ်ပါတယ်။ ၎င်းကုမ္ပဏီအပေါ် ၁ နှစ် အမည်ပျက်စာရင်း ထည့်သွင်းသတ်မှတ်လိုက်သိရပြီး စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနကလည်း ယင်းကုမ္ပဏီကို ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင် ပယ်ဖျက်အရေးယူ သွားမယ်လို့ သိရပါတယ်။ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် ဖွဲ့စည်းမှတ်ပုံတင်ထားတဲ့ ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ ပြဋ္ဌာန်းချက်များကို လေးစားလိုက်နာရမည့်အပြင် မိမိတို့လုပ်ကိုင်နေသည့် လုပ်ငန်းခွင်နှင့်သက်ဆိုင်သော အစိုးရဌာန၊ အဖွဲ့အစည်းများက ချမှတ်ထားတဲ့ အခြားတည်ဆဲဥပဒေ၊ နည်းဥပဒေများကို လိုက်နာခြင်းမရှိပါက ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ဝက်ဘ်ဆိုက်မှာ မှတ်ပုံတင်အရာရှိက အများပြည်သူသိရှိအောင် ကြေညာသွားမည် ဖြစ်ကြောင်း အသိပေးထားတယ်လို့ သိရပါတယ်။ (NVS 004)