“မီးနှင့်ငလျင် အာမခံလျော်ကြေး ၄ ဘီလီယံကျော် ပေးချေပြီးဖြစ်”

23 May

မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးခဲ့မှုတွေအတွက် မီးနဲ့မြေငလျင်ဘေးဒဏ် အာမခံလျော်ကြေး ကျပ် ၄ ဘီလီယံခွဲကျော်ကို ထုတ်ပေးခဲ့ပြီးဖြစ်တယ်လို့ မြန်မာ့အာမခံလုပ်ငန်းကနေ သိရပါတယ်။ အဲဒီငွေပမာဏဟာ စိစစ်တွက်ချက်ပြီးတဲ့ မီးနဲ့မြေငလျင်ဘေးဒဏ် အာမခံလျော်ကြေးအစောင်ရေ ၅၀ ကျော်အတွက် ပေးချေခဲ့ခြင်း ဖြစ်ပါတယ်။ မြန်မာ့အာမခံလုပ်ငန်းက လျော်ကြေးငွေကျပ် ၄ ဒသမ ၆၈၀ ဘီလီယံဖိုး ပေးလျော်ခဲ့တဲ့အထဲမှာ ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာ၊ ကျောက်ဆည်၊ နေပြည်တော် နဲ့ စစ်ကိုင်းတို့မှ တင်ပြလာမှုများကို လျော်ကြေးပေးခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိအချိန်ထိ မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှုအတွက် အာမခံလျော်ကြေး တင်ပြ တောင်းခံလာတာက အစောင်ရေ ၅၀၀ ကျော် ရှိတယ်လို့လည်း ဆိုပါတယ်။ မြန်မာ့အာမခံလုပ်ငန်းအနေနဲ့လည်း တင်ပြတောင်းခံလာတဲ့ အာမခံလျော်ကြေးတွေကို အမြန်ဆုံးပေးချေ နိုင်ဖို့အတွက် လျော်ကြေးစိစစ်ရေးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါတယ်။ လျော်ကြေးစိစစ်ရေးအဖွဲ့မှာ ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ဦးစီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ စည်ပင်သာယာရေး ကော်မတီနဲ့ မြန်မာ့အာမခံလုပ်ငန်း တို့ပါဝင်ပြီး စိစစ်မှုများဆောင်ရွက်ကာ လျော်ကြေးများပေးအပ်နိုင်ဖို့ ဆောင်ရွက် နေတယ်လို့ သိရပါတယ်။ (NVS 004)

23 May

ADVERTISE HERE .