“Apparel Sourcing Paris ပြပွဲမှာ မြန်မာ့အထည်အလိပ်ထုတ်ကုန်များ ပါဝင်ပြသရန်ဖိတ်ခေါ်”

22 May

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင်ပြုလုပ်မည့် Apparel Sourcing Paris ပြပွဲမှာ မြန်မာ့အထည်အလိပ်ထုတ်ကုန်များ ပါဝင်ပြသနိုင်ရန်ဖိတ်ခေါ်ထားကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။ Messe Frankfurt France မှ ကြီးမှူးကျင်းပမည့် Apparel Sourcing Paris 2025 ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်မှ ၁၇ ရက်ထိ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ Paris Le Bourget, France မှာ ကျင်းပသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါပြပွဲကို ပါရီမြို့မှာ တစ်နှစ်လျှင်နှစ်ကြိမ် ကျင်းပပြုလုပ်လေ့ရှိပြီး ပြပွဲပြသသူ ၁,၀၀၀ ကျော် ပါဝင် ပြသတဲ့ ပြပွဲဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှ စီးပွားဖြစ်ဝယ်ယူသူများအတွက် အခြေခံပစ္စည်းများမှစတင်ကာ အဆန်းသစ်ဆုံးနှင့် အရည်အသွေးအမြင့်ဆုံး ထုတ်ကုန်များအထိ စုံလင်စွာ ရှာဖွေဝယ်ယူနိုင်မည့် ပလက်ဖောင်းတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) က ဥရောပဝယ်လက်များနှင့် ချိတ်ဆက်နိုင်ရန် MYANMAR PAVILION အနေနဲ့ ၂ဝ၂၂ ခုနှစ် မှစတင်၍ ပြပွဲမှာ ဝင်ရောက်ပြသလေ့ရှိပြီး ယခုနှစ်မှာလည်း Made in Myanmar ထုတ်ကုန်များကို ပါဝင်ပြသလိုတဲ့ အသင်းဝင်စက်ရုံများကို ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။ အသင်းဝင်များအနေနဲ့ ပြခန်းပြသလိုပါက ပြခန်းကုန်ကျငွေကို စရိတ်မျှခံစနစ်နဲ့ ကျခံ၍လိုက်ပါနိုင်ပြီး၊ အကယ်၍ ပြပွဲလေ့လာသူအနေဖြင့် လိုက်ပါလိုတဲ့ အသင်းဝင်စက်ရုံများအနေနဲ့ Registration Fees ပေးသွင်း၍ လိုက်ပါနိုင်ကြောင်း အသိပေးထားပါတယ်။ ဒါ့အပြင် လိုက်ပါလိုတဲ့ အသင်းဝင်စက်ရုံများအနေနဲ့ လေယာဉ်ခ၊ ဗီဇာလျှောက်ထားခြင်း၊ ဟိုတယ်ခများနှင့် မိမိကိုယ်ပိုင်အသုံးစရိတ်များကို ကျခံနိုင်ရမည်ဖြစ်ပြီး အသင်းမှ လေယာဉ်လက်မှတ်ဝယ်ယူခြင်းနှင့် ဗီဇာလျှောက်ထား ခြင်းတို့အတွက် လိုအပ်သောအကြံပေးမှုများကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် အသင်းဝင် စက်ရုံ/ကုမ္ပဏီများမှ Apparel Sourcing Paris 2025 ပြပွဲသို့ တက်ရောက်ရန် စိတ်ဝင်စားပါက မေလ ၃၁ ရက် နောက်ဆုံးထားကာ စာရင်းပေးသွင်းရမှာဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

22 May

ADVERTISE HERE .