“မေလ ၂၂ ရက်မှ ဇွန်လ ၁ ရက်အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် သတ်မှတ်”
22 May
၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်ရဲ့ ကျောင်းအပ်နှံရေး သီတင်းပတ်ကာလကို မေလ ၂၂ ရက်မှ ဇွန်လ ၁ ရက်အထိ သတ်မှတ်ထားကြောင်း သိရပါတယ်။ ကျောင်းအပ်နှံရာမှာ မည်သည့်အခကြေးငွေမျှ ပေးစရာမလိုကြောင်း ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကျောင်းအုပ်ဆရာ၊ ဆရာမများ အားလုံးအပါအဝင် အရာထမ်း၊ အမှုထမ်းအားလုံးအနေနဲ့ မည်သည့် အခကြေးငွေမျှ ကောက်ခံခြင်း/လက်ခံခြင်းမပြုရန်၊ ငွေကြေး/လက်ဆောင်ပစ္စည်း တစ်စုံတစ်ရာ လက်ခံခြင်းမပြုရန်၊ အတန်းတံဆိပ်၊ ကျောင်းတံဆိပ်နှင့် အခြားမည်သည့်ပစ္စည်းကိုမျှ ရောင်းချခြင်းကို မပြုလုပ်ရန် အသိပေးထားပါတယ်။ ပညာရေးဝန်ကြီးဌာနအနေနဲ့ ကျောင်းအပ်နှံမည့် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းသုံးဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံများကိုလည်းအခမဲ့ ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ ကျောင်းလခ၊ မိဘဆရာ အသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာကြေးနှင့် စာကြည့်တိုက်ကြေး အပါအဝင် မည်သည့် အခကြေးငွေကိုမျှ လုံးဝမကောက်ခံကြောင်းနှင့်အကယ်၍ ကောက်ခံခြင်းပြုပါက ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးသို့ သတင်းပေးပို့ တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။ (NVS 004)