ပေါ်ဆန်းဆန်ကို ခေတ်မီထုပ်ပိုးမှုပုံစံတွေနဲ့ နိုင်ငံတကာဈေးကွက်သို့ တင်ပို့ရောင်းချရန်စီစဉ်
22 May
မြန်မာ့ပေါ်ဆန်းဆန်ကို အရောအနှောကင်းပြီး ပစ္စည်းမှန်၊အရည်အသွေးမှန်၊ဈေးနှုန်းမှန်တဲ့ မြန်မာ ပေါ်ဆန်းမွှေး(Fragrant Rice) အဖြစ် နိုင်ငံတကာဈေးကွက်ကို ခေတ်မီထုပ်ပိုးမှုပုံစံတွေနဲ့ တင်ပို့ရောင်းချသွားဖို့ စီစဉ်နေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF)ဥက္ကဋ္ဌ ဦးရဲမင်းအောင် က ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဧည့်မထ/ ငစိန် အုပ်စုဝင်ဆန်တွေဖြစ်တဲ့ ဆင်းသုခ၊ သီးထပ်ယဉ်၊ ရတနာတိုး၊ ငစိန် ရာကျော်၊ ကရင်မ၊ ထွန်းပု၊ GW-11 ၊ စောရှုပ်၊ ၇၄၇၊ သီးပု၊ ကောက်နှံ စတဲ့ ဆန်ကြမ်းတွေကိုသာ နိုင်ငံတကာ ဈေးကွက်ကို အဓိကတင်ပို့နေရာကနေ ယခုအခါမှာတော့ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ စိုက်ဧက တစ်သန်းခွဲခန့်သာရှိတဲ့ ပေါ်ဆန်းဆန်ကိုပါတင်ပို့ဖို့ ပြင်ဆင်လာတာပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ အဲဒီလို တင်ပို့နိုင်ဖို့အတွက် “Myanmar Pawsan Rice Foundation” ကို တည်ထောင်ပြီး စိုက်ပျိုးသူတွေအပြင် ကုန်သည်နဲ့ စက်ပိုင်တွေပါဝင်တဲ့ အစုအဖွဲ့တစ်ခုကိုဖွဲ့စည်းပြီး မျိုးကောင်းမျိုးသန့်ကအစ သုတေသနလုပ်ငန်းတွေ ဆောင်ရွက်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် MRF အနေနဲ့ မြန်မာ့ပေါ်ဆန်းကို နိုင်ငံတကာဈေးကွက်မှာ မြန်မာအမှတ်တံဆိပ်တစ်ခုအဖြစ် မြှင့်တင်လိုတဲ့အတွက် ဒေသဆိုင်ရာအညွှန်း (G.I) ရရှိရေး ဆောင်ရွက်လျက်ရှိသလို ပေါ်ဆန်းဆွေးနွေးပွဲတွေကိုလည်း ခရိုင်အလိုက်ပြုလုပ်နေတာက အခုဆိုရင် ဖျာပုံ၊ မြောင်းမြနဲ့ လပွတ္တာမြို့တို့မှာ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးဖြစ်ကြောင်း သိရပါတယ်။(NVS 004)