ဒေါ်နယ်ထရမ့် က ၎င်း၏သမ္မတသက်တမ်းအတွင်း မျိုးဆက်သစ်ဒုံးကျည်ကာကွယ်ရေးစနစ်သစ် အသုံးပြုနိုင် ရေး ရည်ရွယ်လုပ်ဆောင်

22 May

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ၎င်း၏သမ္မတသက်တမ်း ကုန်ဆုံးမည့် ၂၀၂၉ ခုနှစ် ဇန်နဝါရီလ မတိုင်မီ မျိုးဆက်သစ်ဒုံးကျည် ကာကွယ်ရေးစနစ်သစ် စတင်အသုံးပြုနိုင်ရေး ရည်ရွယ်လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။ Golden Dome ဟု အမည်ပေးထားသည့် အဆိုပါမျိုးဆက်သစ်ဒုံးကျည်ကာကွယ်ရေးစနစ်သစ်သည် အာကာသမှ ပစ်လွှတ်ခဲ့လျှင်ပင် ဒုံးကျည်များကို ကြားဖြတ်ပစ်ချဟန့်တားနိုင်စွမ်းရှိသည်ဟု ၎င်းက မေလ ၂၀ ရက် တွင် သတင်းထောက်များအား ပြောကြားသည်။ အဆိုပါ အစီအစဉ်လုပ်ဆောင်မှုကို ကြီးကြပ်ကွပ်ကဲရန် အာကာသ တပ်ဖွဲ့ ဗိုလ်ချုပ်ကြီးတစ်ဦးကို ခန့်အပ်မည်ဟု သမ္မတဒေါ်နယ်ထရမ့် က ပြောသည်။ ထို့အပြင် ဒေါ်နယ်ထရမ့်သည် ၁၉၈၀ ပြည့်လွန်နှစ်များက သမ္မတဟောင်း ရော်နယ်ရီဂင် အဆိုပြုခဲ့သော အာကာသအခြေပြု ဒုံးကျည် ကာကွယ်ရေးစနစ် အကြောင်းကိုလည်း ပြောကြားခဲ့သည်။ ရော်နယ်ရီဂင်သည် အဆိုပါအာကာသအခြေပြုဒုံးကျည်ကာကွယ်ရေးစနစ်ကို လွန်ခဲ့သည့်နှစ်ပေါင်းများစွာ ကတည်းက လိုချင်ခဲ့သော်လည်း ထိုကဲ့သို့လုပ်ဆောင်ရန် နည်းပညာအရင်းအမြစ်မရှိခဲ့ကြောင်း ၎င်းက ဆက်ပြော သည်။ Golden Dome ကို မြေပြင်၊ ပင်လယ်ပြင်တွင်သာမက အာကာသထဲတွင်ပါ ဖြန့်ကြက်ချထားနိုင်မည်ဟု ဒေါ်နယ်ထရမ့် က ပြောသည်။ ဒုံးကျည်ခြိမ်းခြောက်မှုများအပေါ် စိုးရိမ်မှုများမြင့်တက်လာချိန်တွင် ဒေါ်နယ်ထရမ့် က အမေရိကန်ဒေါ်လာ ၁၇၅ ဘီလီယံခန့်ကုန်ကျမည့် အဆိုပါစီမံကိန်းကို ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။ ထရမ့်အစိုးရအဖွဲ့သည် ကနဦးတွင် မြေပြင်မှမြေပြင်ပစ်ဒုံးကျည်များကို ကြားဖြတ်ပစ်ချဟန့်တားရန် ဒီဇိုင်းထုတ် ထားသော အစ္စရေး၏လေကြောင်းကာကွယ်ရေးစနစ်ကို အစွဲပြုပြီး အဆိုပါစီမံကိန်းကို အမေရိကန်အိုင်းယွန်းဒုံး ဟု ခေါ်ဝေါ်ခဲ့သည်ဟု NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။

22 May

ADVERTISE HERE .