“မိတ္ထီလာမြို့နယ်၌ ယခုနှစ်မိုးရာသီတွင် ပျိုးပင်ပေါင်း ၉ဝ,ဝဝဝ အခမဲ့ဖြန့်ဝေပေးမည်”

20 May

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ယခုနှစ်မိုးရာသီတွင် ပျိုးပင်ပေါင်း ၉၀,၀၀၀ ကို အခမဲ့ဖြန့်ဝေပေးသွား မယ်လို့ မိတ္ထီလာမြို့နယ်သစ်တောဦးစီးဌာနမှ သိရပါတယ်။ မိတ္ထီလာမြို့နယ် သစ်တောဦးစီးဌာနအနေနဲ့ ဒေသအတွင်းသစ်တောများ ရေရှည်တည်တံ့စေရေး၊ ရာသီဥတု ပြောင်းလဲမှုလျှော့ချရေးနှင့် ပြည်သူလူထု၏လူမှုဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးစတဲ့ ရည်ရွယ်ချက်များဖြင့် ပျိုးပင်များ ပျိုးထောင်ထားပြီး ပြည်သူလူထုထံ အခမဲ့ဖြန့်ဝေခြင်းလုပ်ငန်းများကို နှစ်စဉ်ဆောင်ရွက်လျက်ရှိရာ ယခုနှစ် မိုးရာသီမှာ လည်း ပျိုးပင်ပေါင်း ၉၀,၀၀၀ ကို အခမဲ့ဖြန့်ဝေပေးရန်စီစဉ်ထားပါတယ်။ ဖြန့်ဝေပေးသွားမည့် အဓိကပျိုးပင်များအနေဲ့ ကုက္ကို၊ စိန်ပန်း၊ မဲဇလီ၊ သပြေဘူတ၊ မန်ကျည်း စတဲ့ ပျိုးပင်များ ဖြစ်ပြီး စုစုပေါင်းအပင်အမျိုးအစား ၁၅ မျိုး ပါဝင်ပါတယ်။ အဆိုပါပျိုးပင်များတွင် ကုက္ကိုပင် ၁၄,၀၀၀၊ စိန်ပန်းပင် ၁၀,၀၀၀၊ သပြေဘူတပင် ၁၁,၀၀၀၊ မဲဇလီပင် ၁၂,၀၀၀၊ မန်ကျည်းပင် ၁၂,၀၀၀၊ တမာပင် ၅,၀၀ဝ၊ ယူကလစ်ပင် ၃,၀၀၀၊ ရင်းမာပင် ၅,၀၀၀၊ ရေတမာပင် ၁,၅၀၀၊ ဒဟတ်ပင် ၃,၀၀၀၊ ဗာဒံပင် ၅,၀၀၀ ပင်၊ စိန်တံချူပင် ၃,၅၀၀၊ မည်စည်ပင် ၁,၀၀၀၊ ဆီးပင် ၃,၅၀၀ နှင့် မာတာကွတ်ပင် ၅၀၀ တို့ကို ဖြန့်ဝေပေးသွားမှာဖြစ်ပါတယ်။ မိတ္ထီလာမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း စိမ်းလန်းစိုပြည်စေရေးနှင့် ပြည်သူလူထု၏ လူမှုဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိန်တောကြိုးပြင်ကာကွယ်တော၌ ဘက်စုံသုံးစိမ်းလန်းစိုက်ခင်း ဧက ၃၀၊ မုန်တိုင်းတိုးချဲ့ကြိုးဝိုင်း၌ ရေဝေရေလဲစိုက်ခင်းဧက ၄၀ နှင့် ကျေးရွာသုံးရွာ၌ ထင်းစိုက်ခင်းခြောက်ဧကတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အပြင် ဖလံကျင်းကြိုးဝိုင်း၌လည်း သီးနှံသစ်တော ရောနှောစိုက်ခင်း ခြောက်ဧကတို့ကို စိုက်ပျိုးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ (NVS-004)

20 May

ADVERTISE HERE .