“မိုးဦးကျကာလမှာ ဖြစ်ပွားတတ်သော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရန်နှိုးဆော်ထား”
20 May
မိုးဦးကျကာလမှာ ဖြစ်ပွားတတ်သော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ကြရန် မေလ ၁၉ ရက်က ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးတိုက်တွန်းနှိုးဆော်ထားပါတယ်။ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ခြင်းက မသန့်ရှင်းသောရေ၊ မသန့်ရှင်းသော အစားအသောက်များ စားမိရာမှ တစ်ဆင့် ဖြစ်ပွားလေ့ရှိပြီး၊ ရောဂါလက္ခဏာများအနေနဲ့ အရည်ဝမ်းများစွာသွားခြင်း၊ ငါးညှီနံ့နံသော ဆန်ဆေးရည် ကဲ့သို့ဝမ်းသွားခြင်း၊ အော့အန်ခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်း၊ မျက်တွင်းချိုင့်ဝင်ခြင်း၊ ခံတွင်း/လျှာနှင့်နှုတ်ခမ်းများ ခြောက်ခြင်း၊ ကြွက်တင်ခြင်းနှင့် သတိလစ်ခြင်းတို့ ဖြစ်ပွားတတ်ကြောင်း အသိပေးထားပါတယ်။ ဒါကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားကြောင်း သံသယရှိပါက အချိန်မီကုသမှုမခံယူလျှင် အသက်ဆုံးရှုံး နိုင်အထိ ဖြစ်ပွားသောကြောင့် နီးစပ်ရာ ဆေးရုံ/ဆေးခန်းနှင့်ကျန်းမာရေးဌာနများသို့ သွားရောက်၍ ကုသမှုခံယူရမည် ဖြစ်ကြောင်း အသိပေးထားပါတယ်။ ရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းများအနေနဲ့ အစာမစားမီ၊ အညစ်အကြေးနှင့် စွန့်ပစ်ပစ္စည်းများ ကိုင်တွယ်ပြီးချိန်၊ အိမ်သာမှဆင်းချိန်တို့မှာ လက်ကိုစင်ကြယ်အောင်ဆေးကြောရမည်ဖြစ်ကာ၊ ခြင်၊ ယင် မပေါက်ပွား စေရန် ပတ်ဝန်းကျင်ကို သန့်ရှင်းအောင် အထူးဂရုပြုလုပ်ဆောင်ရမှာ ဖြစ်တယ်လို့ အသိပေးနှိုးဆော်ထားပါတယ်။ (NVS 004)