“ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရေထွက်ကုန်ငါးမက်ထရစ်တန်ချိန် သုံးသောင်းနီးပါးတင်ပို့နိုင်ခဲ့”

19 May

ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့လျက်ရှိရာ ယခုဘဏ္ဍာနှစ် ဧပြီလအတွင်း ပြည်ပသို့ ငါးမက်ထရစ်တန် သုံးသောင်းနီးပါး တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။ ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်ကနေ ၃၀ ရက်အထိ တစ်လတာကာလအတွင်း ပြည်ပကို ငါးတင်ပို့မှုအနေနဲ့ မက်ထရစ်တန်ချိန် ၂၉,၈၇၂ ဒသမ ၁၈၃ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၄၆၇ သန်းရရှိခဲ့ပါတယ်။ ဒါ့အပြင် ပြည်ပသို့ ပုံမှန်ကုန်သွယ်မှုမှ ငါးမက်ထရစ်တန်ချိန် ၁၀,၂၃၁ ဒသမ ၄၁၆ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၆၇၃ သန်း၊ နယ်စပ်ကုန်သွယ်မှုမှ ငါးမက်ထရစ်တန်ချိန် ၁၉,၆၄၀ ဒသမ ၇၆၇ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၇၉၄ သန်းရရှိခဲ့တဲ့အတွက် စုစုပေါင်းငါးမက်ထရစ်တန်ချိန် ၂၉,၈၇၂ ဒသမ ၁၈၃ တန်တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၄၆၇ သန်းရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ကာလတူက ပြည်ပသို့ငါးတင်ပို့မှုအနေဖြင့် မက်ထရစ်တန်ချိန် ၂၇,၂၅၁ ဒသမ ၈၈၈ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၅၅၃ သန်း ရရှိခဲ့ရာ ယခုဘဏ္ဍာနှစ် ဧပြီလအတွင်း ပြည်ပသို့ ငါးတင်ပို့မှုတွင် ယခင်ဘဏ္ဍာနှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက မက်ထရစ်တန် ၂၆၂၀ ဒသမ ၂၉၅ တန် ပိုမိုတင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ သုည ဒသမ ၉၁၄ သန်း ပိုမိုရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှ ပုစွန်အပါအဝင် ငါးအစရှိတဲ့ ရေထွက်ကုန်များကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် စသည့် နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိပြီး ရန်ကုန်မြို့မှတစ်ဆင့် ပုံမှန်တင်ပို့သည့်အပြင် နယ်စပ်ကုန်သွယ်ရေးမှလည်း တိုက်ရိုက်တင်ပို့လျက်ရှိကြောင်း သိရပါတယ်။ (NVS-004)

19 May

ADVERTISE HERE .