“စားအုန်းဆီဈေးနှုန်းများ ဆက်တိုက်ကျဆင်းလျက်ရှိ”
19 May
စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့် သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရပါတယ်။ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ ဈေးနှုန်းအတက်အကျအပေါ်မူတည်၍ ပြည်တွင်း၌ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်း များဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ပြည်ပမှ စားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ မေလ ၁၉ ရက်မှ ၂၅ ရက် အထိ ရန်ကုန်အထိုင်ဈေးအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆,၅၂၅ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ကြေညာ ထားပါတယ်။ ပြည်တွင်းဈေးကွက်အတွင်း အဆိုပါ ထုတ်ပြန်ကြေညာထားသည့်ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည် နှင့် ဝန်ဆောင်မှုဥပဒေအရအရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်တနင်္လာနေ့တိုင်း ထုတ်ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေနဲ့ စားသုံးသူရေးရာဦးစီးဌာန၏ Website - www.docs.gov.mm၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တို့၌ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။ စားအုန်းဆီကို အဓိကထုတ်လုပ်တင်ပို့သည့် အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှ မြန်မာနိုင်ငံသို့ CIF စနစ်အရ တင်သွင်းလျက်ရှိနေတဲ့ စားအုန်းဆီတစ်တန်ဈေးနှုန်းမှာ ၂ဝ၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဆက်တိုက်ကျဆင်းလာခဲ့ရာ ပြည်တွင်းတစ်ပိဿာ လက်ကားရည်ညွှန်းဈေးနှုန်းမှာလည်း အဆိုပါလေးလတာကာလအတွင်း ၇၅၅ ကျပ်အထိ ကျဆင်း လာကြောင်း သိရပါတယ်။ (NVS-004)