“ပွင့်ဖြူမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ရာသီ၌ နေကြာ ၁,၀၄၆ ဧက စိုက်ပျိုးရန်လျာထား”
19 May
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် နေကြာ ၁,၀၄၆ ဧက စိုက်ပျိုးရန်လျာထားလျက်ရှိပြီး လက်ရှိမှာတော့ နေကြာစိုက်ပျိုးနိုင်ရေးအတွက် လယ်ယာမြေထွန်ယက်ပြုပြင်ခြင်း လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိနေကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။ ပွင့်ဖြူမြို့နယ်တွင် နေကြာကို တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ တစ်ဧကပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများကို ဒေသနှင့်ကိုက်ညီသော နေကြာမျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်များ ပိုမိုကောင်းမွန်စေရေး၊ ပိုးမွှားရောဂါကင်းရှင်းရေး စတဲ့ စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ များနှင့် သင်တန်းများပေးခြင်း၊ လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်မြင့်မားရေး သင်တန်းများပေးခြင်း၊ မြေဩဇာနှင့် သွင်းအားစုများ စနစ်တကျသုံးစွဲရေး အသိပညာပေးခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါတယ်။ နေကြာကို အထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ပြည်တွင်းဆီစားသုံးမှု ဖူလုံစေမည့် အပြင် ပိုလျှံမှုကိုပါ ပြည်ပသို့တင်ပို့ရောင်းချနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် သီးနှံဝင်ငွေရရှိပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုး တိုးတက်လာနိုင်မှာဖြစ်တာကြောင့် နေကြာစိုက်တောင်သူများအနေနဲ့ ဒေသမရွေးတိုးချဲ့စိုက်ပျိုးနိုင်ရန် ပိုမိုကြိုးပမ်းသင့် ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြောကြားထားပါတယ်။ (NVS-004)