“ဝင်ငွေအများဆုံး ကစားသမားစာရင်းရဲ့ ထိပ်ဆုံးမှာရပ်တည်နေတဲ့ ရော်နယ်ဒို ”
19 May
အယ်နာဆာအသင်းနဲ့ ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုဟာ Forbes စီးပွားရေးမဂ္ဂဇင်းက ထုတ်ပြန်တဲ့ ဝင်ငွေ အများဆုံး အားကစားသမားစာရင်းရဲ့ ထိပ်ဆုံးမှာ ၃ နှစ်ဆက်တိုက် ရပ်တည်နိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်း ဝင်ငွေ ပေါင် ၂၀၆ သန်းအထိ ရရှိခဲ့ပြီး ဒါဟာ ၂၀၁၈ ခုနှစ်က ဝင်ငွေအများဆုံး ကစားသမားအဖြစ် ပေါင် ၂၀၅ သန်းနဲ့ စံချိန်တင်ထားခဲ့တဲ့ လက်ဝှေ့သမား မေဝယ်သာရဲ့ စံချိန်ကိုလည်း ချိုးဖျက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၄၀ အရွယ် ရော်နယ်ဒိုဟာ ၂၀၂၂ ဒီဇင်ဘာလမှာ ဆော်ဒီပရိုလိဂ်ကလပ် အယ်နာဆာအသင်းကို မြင့်မားတဲ့လုပ်ခလစာနဲ့အတူ ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း သူ့ရဲ့ဝင်ငွေကလည်း တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။ NBA အသင်း ဂိုးဒင်းစတိတ်ဝါရီယာအသင်းရဲ့ ကြယ်ပွင့်ကစားသမား စတီဖင်ကာရီက ပေါင် ၁၁၇ သန်းနဲ့ ဝင်ငွေအများဆုံး အားကစားသမား စာရင်းမှာ ဒုတိယနေရာကို ရောက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ယူကရိန်းနိုင်ငံသား အူဆက်ခ် ကို ရှုံးနိမ့်ပြီးနောက် ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကို လက်လွှတ်ခဲ့ရတဲ့ ဗြိတိန်နိုင်ငံသား တိုင်ဆန်ဖြူရီကတော့ ပေါင် ၁၀၉ သန်းနဲ့ တတိယနေရာမှာ ရပ်တည်နေ ပါတယ်။ အင်တာမိုင်ယာမီအသင်းမှာ ကစားနေတဲ့ အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီ ကတော့ ဝင်ငွေ ပေါင် ၁၀၁ ဒသမ ၄ သန်းနဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။ (NVS 008)