ဆိုလာနှင့်ဆက်စပ်ပစ္စည်းများထုတ်လုပ်သည့် လုပ်ငန်းများအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၉)ခုကို ခွင့်ပြုပေးခဲ့
18 May
မေလ ၁၆ ရက် နံနက်ပိုင်းမှာကျင်းပတဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (၃/၂၀၂၅)ကြိမ်မြောက် အစည်းအဝေး၌ ဆိုလာနှင့် ဆက်စပ်ပစ္စည်းများထုတ်လုပ်သည့် လုပ်ငန်းများအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၉ ခုကို ခွင့်ပြုပေးခဲ့ကြောင်း သိရပါတယ်။ အဆိုပါအစည်းအဝေးသို့ နစကအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်ကာ ဆောင်ရွက်ဆဲ လက်ရှိရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများရဲ့ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၃ ခုနှင့် စက်မှုကဏ္ဍမှ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၆ ခုတို့ကို ခွင့်ပြုပေးခဲ့ပါတယ်။ ၎င်းအစည်းအဝေး၌ ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် ဆိုလာနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်သည့်လုပ်ငန်းများ၊ လျှပ်စစ်သွယ်တန်းခြင်းနှင့် ဆက်စပ်သည့်လုပ်ငန်းများ၊ အရန်သင့်အစားအစာများ ပြင်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အထည်ချုပ်လုပ်ခြင်းလုပ်ငန်း၊ သံနှင့်သံမဏိ အခြေခံပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် အခြားလုပ်ငန်းများပါဝင်ပြီး အဆိုပါလုပ်ငန်းများ၌ အလုပ်အကိုင်အခွင့်အလမ်း ၉၇၁ ဦး ရရှိနိုင်မည်ဖြစ်ကာ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၇၇၈ သန်းနှင့် ငွေကျပ် ၃၀,၂၀၆ ဒသမ ၉၂၀ သန်းဖြစ်ကြောင်း သိရပါတယ်။ ၂၀၂၅ ခုနှစ်၊ ဧပြီလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့်နိုင်ငံနှင့် ဒေသပေါင်း ၅၃ ခုအနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးမှာ စင်ကာပူ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံး ရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍများမှာ စွမ်းအင်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၃၄ ရာခိုင်နှုန်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၆၉ ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၄၉ ရာခိုင်နှုန်းရှိကြောင်း သိရပါတယ်။(NVS 004)