ရုရှား- အာရပ် ထိပ်သီးညီလာခံအတွက် အာရပ်ခေါင်းဆောင်အားလုံးကို သမ္မတ ပူတင် ဖိတ်ကြား

18 May

ရုရှားသမ္မတ ပူတင် သည် ပထမဆုံးအကြိမ်ကျင်းပမည့် ရုရှား-အာရပ်ထိပ်သီးညီလာခံအတွက် အာရပ် ခေါင်းဆောင်အားလုံးနှင့် အာရပ်အဖွဲ့ချုပ်အတွင်းရေးမှူးချုပ်တို့ကို ဖိတ်ကြားထားကြောင်း ရုရှားမီဒီယာများက သတင်းထုတ်ပြန်ထားသည်။ ရုရှားနိုင်ငံက ပထမဆုံးအကြိမ် ရုရှား-အာရပ်ထိပ်သီးညီလာခံကို အောက်တိုဘာလ ၁၅ ရက်တွင် မော်စကို မြို့၌ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။ အဆိုပါထိပ်သီးညီလာခံ တက်ရောက်ရေးအတွက် သမ္မတ ပူတင် အနေဖြင့် အာရပ်ခေါင်းဆောင်အားလုံးနှင့် အာရပ်အဖွဲ့ချုပ် အတွင်းရေးမှူးချုပ်တို့ကို ဖိတ်ကြားထားပြီး ဖြစ်ကြောင်း ကရင်မလင်နန်းတော်က သတင်းထုတ်ပြန်ထားသည်။ ရုရှား-အာရပ်ထိပ်သီးညီလာခံသည် ရုရှားနှင့်အာရပ်နိုင်ငံများကြား ဘက်စုံပူးပေါင်းဆောင်ရွက်မှုများ ပိုမို ခိုင်မာလာစေရေးအတွက် အထောက်အကူပြုလိမ့်မည်ဟု မိမိတို့ယုံကြည်ကြောင်း သမ္မတ ပူတင် က ပြောကြား ထားသည်။ အာရပ်အဖွဲ့ချုပ်သည် အရှေ့အလယ်ပိုင်းနှင့် အာဖရိကတို့မှ အာရပ်နိုင်ငံများဖြင့် ဖွဲ့စည်းတည်ဆောက် ထားပြီး အဖွဲ့ဝင်နိုင်ငံ ၂၂ နိုင်ငံထိရှိသည်။ ယခုရက်သတ္တပတ်အတွင်း ပင်လယ်ကွေ့အာရပ်နိုင်ငံများသို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် သွားရောက် ခဲ့ပြီးနောက် သမ္မတ ပူတင် ကလည်း ရုရှား-အာရပ်ထိပ်သီးညီလာခံကျင်းပရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။

18 May

ADVERTISE HERE .