အစ္စရေးနိုင်ငံ ဘင်ဂူရီယန်လေဆိပ်ကို ဒုံးကျည်ဖြင့်တိုက်ခိုက်မှုပြုလုပ်ခဲ့ဟု ဟူသီပြော

17 May

အစ္စရေးနိုင်ငံအလယ်ပိုင်းရှိ ဘင်ဂူရီယန်လေဆိပ်ကို မေလ ၁၅ ရက် ညပိုင်းက ပဲ့ထိန်းဒုံးကျည်ဖြင့် ပစ်ခတ် တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ယီမင်နိုင်ငံမှ ဟူသီအုပ်စုက ပြောသည်။ အဆိုပါည၌ပင် အစ္စရေးကာကွယ်ရေးစနစ် က ထိုဒုံးကျည်ကို ကြားဖြတ်ဟန့်တားလိုက်နိုင်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ အသံထက်မြန်သည့် ပဲ့ထိန်း ဒုံးကျည်ကို အသုံးပြုပြီး ဘင်ဂူရီယန်လေဆိပ်ကို ပစ်မှတ်ထားကာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဟူသီအုပ်စု၏ ပြောရေးဆိုခွင့်ရှိသူ ယာ့ယာ ဆရီယာက ပြောသည်။ ဂါဇာကမ်းမြောင်ဒေသ၌ ပိတ်ဆို့ထားမှုများကို အစ္စရေးဘက်မှ ဖယ်ရှားမပေးသရွေ့ ဘင်ဂူရီယန်လေဆိပ်၌ လေကြောင်းသွားလာမှုကို တားမြစ်ပိတ်ပင်မှု ဆက်လက်လုပ်ဆောင်သွားမည်ဟု ၎င်းက ဆက်ပြောသည်။ မေလ ၁၅ ရက် ညပိုင်းကပင် ယီမင်ဘက်မှ ပစ်လွှတ်လိုက်သည့် ဒုံးကျည်ကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။ အဆိုပါတိုက်ခိုက်မှုကြောင့် ပြည်သူများ ထိတ်လန့်မှုနှင့်ခိုလှုံရာနေရာသို့ အပြေးအလွှား သွားနေစဉ် လူအများအပြား ထိခိုက်ဒဏ်ရာရခြင်းမှလွဲ၍ အသေအပျောက်မရှိကြောင်း အစ္စရေး နိုင်ငံ၏ အမျိုးသားအရေးပေါ် ဝန်ဆောင်မှု က ပြောသည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

17 May

ADVERTISE HERE .