ငွေကြေးပမာဏများပြားလှသော ရင်းနှီးမြှုပ်နှံမှုကတိပြုချက်များနှင့်အတူ ထရမ့်၏ပင်လယ်ကွေ့နိုင်ငံများ ခရီးစဉ် အဆုံးသတ်
17 May
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ၎င်း၏ဒုတိယအကြိမ်သမ္မတသက်တမ်းအတွင်း ပထမဆုံးသော ပြည်ပခရီးစဉ်အဖြစ် ပင်လယ်ကွေ့နိုင်ငံများသို့သွားရောက်ခဲ့ရာ ယခုအခါ ထိုနိုင်ငံများမှနေ၍ ငွေကြေးပမာဏ အလွန်များပြားလှသော ရင်းနှီးမြှုပ်နှံမှု ကတိပြုချက်များနှင့်အတူ ထရမ့်၏ခရီးစဉ်က အဆုံးသတ်သွားပြီ ဖြစ် ကြောင်း သိရသည်။ ထရမ့်သည် မေလ ၁၆ ရက်တွင် အာရပ် စော်ဘွားများပြည်ထောင်စု(ယူအေအီး) သို့ ရောက်ရှိ လာပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ထရီလီယံတန်ဖိုးရှိသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာသဘောတူညီချက်များကို လက်မှတ် ရေးထိုးနိုင်သည်။ ထို့ပြင် ကာတာလေကြောင်းလိုင်းက အမေရိကန်မှ ဒေါ်လာဘီလီယံ ၂၀၀ တန်ဖိုးရှိ ဘိုးအင်းလေယာဉ်များ ဝယ်ယူမည့် သဘောတူညီချက်၊ ဆော်ဒီအာရေဗျမှ ဒေါ်လာဘီလီယံ ၆၀ဝ တန်ဖိုးရှိ ရင်းနှီး မြှုပ်နှံမှုအစီအစဉ်တို့နှင့်ပတ်သက်၍ သဘောတူညီချက်များရရှိထားပြီး ဖြစ်သည်။ ယခုယူအေအီးနိုင်ငံနှင့်သဘောတူညီချက်များတွင် အမေရိကန်ပြည်ထောင်စုရှိ အချက်အလက်ဗဟိုဌာန များ၌ ယူအေအီး ကဝင်ရောက်ရင်းနှီးမြှုပ်နှံမည့်အစီအစဉ်များလည်းပါဝင်သောကြောင့် ယင်းနိုင်ငံ အနေဖြင့် AI နည်းပညာအပါအဝင် အဆင့်မြင့်နည်းပညာကဏ္ဍ၌ ဦးဆောင်နိုင်ငံတစ်ခုဖြစ်အောင် ကြိုးပမ်းလာနေကြောင်း မြင်တွေ့ရသည်။ အမေရိကန်နှင့် ပင်လယ်ကွေ့နိုင်ငံများကြား ယခုကဲ့သို့သဘောတူညီချက်များရရှိခြင်းနှင့်အတူ အမေရိကန် က ဆီးရီးယားအပေါ် ချမှတ်ထားသော ပိတ်ဆို့မှုများရုပ်သိမ်းပေးခြင်းနှင့် အီရန်နှင့် နျူကလီးယား အရေး ဆွေးနွေးပွဲတွင် အပြုသဘောဆောင်သောရလဒ်များ ထွက်ပေါ်လာမည့်မျှော်လင့်ချက်များ မြင့်မားလာစေ ကြောင်း သိရသည်ဟု AGC သတင်းဌာနဖော်ပြချက်အရ သိရသည်။