“သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲကို မေလ ၂၉ ရက်တွင် ကျင်းပနိုင်ရေးဆောင်ရွက်လျက်ရှိပြီး အလှူငွေများ ဆက်သွယ်လှူဒါန်းနိုင်”

16 May

ဒွါဒသမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲကြီးကို ၂၀၂၅ ခုနှစ်၊ မေလ ၂၉ ရက်တွင် အမျိုးသားဇာတ်ရုံ(ရန်ကုန်)၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲကြီးတွင် နောက်ဆုံးအဆင့်(အလယ်တန်း) ပထမဆုရှင် အား ဗုဒ္ဓဝံသ ဗဟုဿုတဓရဘွဲ့တံဆိပ်နှင့် အခြေခံဆုငွေ ဆယ်သိန်းကျပ်မှ (ကျပ်သိန်း ၁၂၀ အထိ ရယူခံစားခွင့်)၊ ဒေါ်နန္ဒာဝင်း ဦးစီးသော ဗုဒ္ဓဂယာဘုရားဖူးခရီးသွားလုပ်ငန်းက နှစ်စဉ်ချီးမြှင့်လျက်ရှိတဲ့ အိန္ဒိယဗုဒ္ဓဂယာဘုရားဖူး ၁၅ ရက် ခရီး၊ မနာပဒါယီ ကိုရီးယားဆရာတော်က နှစ်စဉ်ချီးမြှင့်လျက်ရှိတဲ့ ပြည်တွင်းတက္ကသိုလ် ပညာသင်ဆုနှင့် ဧည့်ပရိသတ်များက သီးခြားချီးမြှင့်မည့် ဆုငွေများချီးမြှင့်ပေးအပ်သွားမှာဖြစ်ပါတယ်။ ဒုတိယဆုမှာ ဗုဒ္ဓဝံသဝိသာရဒ ဘွဲ့တံဆိပ်နှင့် ဆုငွေကျပ် ကိုးသိန်း၊ သက္ကနွယ်ဗုဒ္ဓဂယာဘုရားဖူး ခရီးသွား လုပ်ငန်းက ချီးမြှင့်သည့် ဗုဒ္ဓဂယာဘုရားဖူး ခုနစ်ရက်ခရီးစဉ်၊ တတိယဆုအဖြစ် ဗုဒ္ဓဝံသဝိသာရဒ ဘွဲ့တံဆိပ်နှင့် ဆုငွေကျပ်ရှစ်သိန်း၊ Venus Star (နတ်သမီးကြယ်) ဗုဒ္ဓဂယာဘုရားဖူး ခရီးသွားလုပ်ငန်းကချီးမြှင့်သည့် ဗုဒ္ဓဂယာဘုရားဖူး ခုနစ်ရက် ခရီးစဉ်တို့ဖြစ်ပါတယ်။ ဒါ့အပြင် နည်းပြဆရာ၊ (ဆရာတော် သို့မဟုတ် ဆရာ၊ ဆရာမ) တစ်ဦးချင်းစီကိုလည်း ဗုဒ္ဓဝံသဝိသာရဒနယဒေသက ဆုလက်မှတ်များ ပူးတွဲချီးမြှင့်သွားမှာဖြစ်သလို သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲတွင် ထူးချွန်အောင် မြင်ကြမည့် မူလတန်း၊ အလယ်တန်း၊ ဒီပလိုမာတန်းတို့ကိုလည်း ဆုများအသီးသီးပေးအပ်ချီးမြှင့်သွားမှာဖြစ်ပါတယ်။ သုတစုံလင် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ ဆုချီးမြှင့်ငွေနှင့် ဖြေဆိုပူဇော်ပွဲ ကျင်းပစရိတ်မှာ ကျပ်သိန်း ၁,၃၀၀ ခန့် ကုန်ကျနိုင်ကြောင်း သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့(ဗဟို)က ခန့်မှန်းထားရာ ကုသိုလ်ရှင်များအနေနဲ့ အဆိုပါ မဟာဗုဒ္ဓဝင် အမေးအဖြေ ပူဇော်ခြင်းဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကုသိုလ်ယူ လှူဒါန်းနိုင်ကြောင်းနှင့် အလှူငွေပေးအပ်ပွဲအခမ်းအနားကို လာမည့် မေလ ၁၇ ရက် ညနေ ၃ နာရီတွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ အုတ်ပုံဆိပ်လမ်းနှင့် ကမ္ဘာအေးဘုရားလမ်းထောင့်ရှိ ဇမ္ဗူသီရိသာသနာ့ဗိမာန်တော်၌ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အလှူငွေများကို မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့ (ဗဟို)၊ ဘဏ္ဍာရေးတာ၀န်ခံ ဒေါက်တာမြသီတာ၊ ဖုန်း ၀၉-၅၁၃၃၀၀၇၊ ဒေါ်ခင်ခင်လင်း ဖုန်း ၀၉-၅၀၇၅၅၇၀၊ ဒေါ်ညွန့်ညွန့်စန်း ဖုန်း ၀၉-၄၂၀၀၃၀၇၇၄၊ ဒေါ်မိုးသန္တာ ဖုန်း ၀၉-၂၅၀၅၁၅၆၂၅ တို့ထံသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရပါတယ်။ (NVS-004)

16 May

ADVERTISE HERE .