“သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေးအတွက် အရိပ်ရပျိုးပင်ပေါင်း လေးသောင်းကျော် စိုက်ပျိုးမည်”

16 May

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ယခု ၂ဝ၂၅ ခုနှစ် မိုးရာသီတွင် ဒေသအတွင်းရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေးအတွက် အရိပ်ရပျိုးပင်ပေါင်း လေးသောင်းကျော်ကို အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် နှစ်စဉ် မိုးရာသီကာလတွင် မြို့နယ်အတွင်း အပူဒဏ်ကာကွယ်နိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန် ရည်ရွယ်ပြီး ဒေသခံကျေးလက်နေပြည်သူများ နှင့်ပူးပေါင်းကာ ကျေးရွာသုံးထင်းစိုက်ခင်းများ၊ တစ်အုပ်တစ်မ အထူးစိမ်းစိုက်ခင်းများနှင့် ကျေးရွာပိုင်စိုက်ခင်းများကို အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်လျက်ရှိပြီး ယခုနှစ်မိုးရာသီမှာလည်း အကောင်အထည်ဖော် စိုက်ပျိုးနိုင်ရန် ချောင်းဆုံကျေးရွာ ပျိုးဥယျာဉ်ခြံတွင် ဒဟတ်၊ မဲဇလီ၊ ကုက္ကို၊ ဘောစကိုင်း၊ ယူကလစ် စတဲ့ အရိပ်ရပျိုးပင်ပေါင်း ၄ဝ,၁၄ဝ ကို ပျိုးထောင်ထားရှိပြီးဖြစ်ပါတယ်။ ကျေးရွာသုံးထင်းစိုက်ခင်းများစိုက်ပျိုးရာမှာ ဖြစ်ထွန်းအောင်မြင်မှုရှိစေရန်အတွက် စနစ်တကျ ကွင်းဆင်း ကြီးကြပ်၍ မြေသြဇာကျွေးခြင်း၊ ရေဖျန်းခြင်း၊ ပေါင်းမြက်များရှင်းလင်းခြင်း စတဲ့လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ပြီး ကျေးလက်နေပြည်သူများအနေနဲ့ အဓိကလိုအပ်ချက်ဖြစ်တဲ့ သစ်၊ တိုင်၊ မျော၊ ထင်း အစရှိသည့် သစ်တောထွက်ပစ္စည်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနဲ့ ရာသီဥတု အပူဒဏ်ကာကွယ်နိုင်စေရန် ရည်ရွယ်ကာ စိုက်ပျိုးခြင်းဖြစ်ပါတယ်။ ၂ဝ၂၅ ခုနှစ် မိုးရာသီကာလမှာ ကျေးရွာသုံးထင်းစိုက်ခင်း ၆၅ ဧက၊ ပျိုးပင်ပေါင်း ၃၅,၁ဝဝ ပင်၊ ကျေးရွာငါးရွာတွင် ကျေးရွာပိုင်စိုက်ခင်း ၁ဝ ဧက၊ ပျိုးပင်ပေါင်း ၃,ဝ၄ဝ ပင်၊ တစ်အုပ်တစ်မ အထူးစိမ်းစိုက်ခင်း ပျိုးပင်ပေါင်း ၂,ဝဝဝ တို့ကို ကျေးရွာနေပြည်သူများနဲ့ ပူးပေါင်းကာ မိုးအစိုဓာတ်ရရှိသည်နှင့်တစ်ပြိုင်နက် အချိန်မီပြီးစီးအောင် စိုက်ပျိုးဆောင်ရွက် သွားမည်ဖြစ်ကြောင်း အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သိရပါတယ်။ (NVS-004)

16 May

ADVERTISE HERE .