“ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ပင်မစေတီတော်၊ ရင်ပြင်တော်၊ ပစ္စယာနှင့် ပရိဝုဏ်များပြုပြင်မွမ်းမံရေးလုပ်ငန်း ဆောင်ရွက်”
16 May
နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး အရှေ့ဘက်ရင်ပြင်တော်တက်လမ်း ယာယီအာရုံခံ တန်ဆောင်း၌ မန္တလေးငလျင်ကြီးကြောင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ပင်မစေတီတော်၊ ရင်ပြင်တော်၊ ပစ္စယာနှင့်ပရိဝုဏ်ထိခိုက် ပျက်စီးခဲ့မှုများကို ပြန်လည်ပြုပြင်မွမ်းမံဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ပြုပြင်မွမ်းမံရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ ဥပ္ပါတသန္တိစေတီတော်ပြုပြင်မွမ်းမံ ရေးလုပ်ငန်းကော်မတီအနေနဲ့ ရင်ပြင်တော်မှ ကျောက်ပြားများဖယ်ရှားခြင်း၊ ဆယ်တင်ခြင်း၊ စုပုံခြင်းလုပ်ငန်းများကို အလေးထားကြီးကြပ်သွားရန်၊ ဓာတ်လှေကားများ ပြန်လည်တပ်ဆင်ဆောင်ရွက်သွားရန်၊ ရင်ပြင်တော် အရှေ့မြောက် ထောင့်ရှိ ဆုတောင်းပြည့်စေတီတော်အား ပြန်လည်တည်ဆောက်ရန်၊ ရင်ပြင်တော်ပေါ်ရှိ ပေ ၇၀ x ၁၄၀ ရှိ ဓမ္မာရုံအား ဖျက်သိမ်းသွားရန်၊ စေတီတော်ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီးနှင့် ပိဋကတ်ပြတိုက်၊ သံဃာရာမ ကျောင်းဆောင်များအား ပြင်ဆင်ဆောင်ရွက်နိုင်ရန်၊ စေတီတော်ကြီးအား ပြုပြင်မွမ်းမံနိုင်ရေးအတွက် အုတ်၊သဲ၊ကျောက်၊ ဘိလပ်မြေများရရှိနိုင်ရေး စီမံဆောင်ရွက်ထားရှိသွားရန်နှင့် ပြုပြင်မွမ်းမံဆောင်ရွက်နေမှုများကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က မေလ ၁၅ ရက်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး နောက်ဆုံးအခြေအနေများကို အစဉ်မပြတ်တင်ပြသွားရန် မှာကြားခဲ့ပါတယ်။ ထို့နောက် ဥပ္ပါတသန္တိစေတီတော်ပြုပြင်မွမ်းမံရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နေပြည်တော်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်(၁) ဦးထွန်းထွန်း က စက်ယန္တရားများဖြင့် ရင်ပြင်တော်ပေါ်တွင် ဆောင်ရွက်နေမှုအခြေအနေများ၊ ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့ အလှည့်ကျသဘာပတိကများက စစ်သည်အင်အား ၁,၀၀၀ ဖြင့် ကျောက်ပြားများ ခွာယူဆယ်တင်ခြင်း၊ စုပုံခြင်းလုပ်ငန်းများဆောင်ရွက်နေမှု၊ အနောက်တောင်ဘက်ရှိ ဓာတ်လှေကားစက်များကို ဖျက်သိမ်းပြီး အရှေ့တောင်ဘက်ရှိ ဓာတ်လှေကားနှင့်ပေါင်းစပ်၍ အသစ်ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို စေတီတော်မြတ်ကြီးပြုပြင်မွမ်းမံရေး နည်းပညာအထောက်အကူပြု ဆပ်ကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီ အဖွဲ့ဝင်(၁) ဦးခင်မောင်လတ်နှင့် လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရ ပါတယ်။(NVS-004)