“၂၀၂၄-၂၅ ရာသီပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးနည်းပြဆု၊ ကစားသမားဆုနှင့် လူငယ်ကစားသမားဆု ဆန်ခါတင်စာရင်းများထုတ်ပြန်”

16 May

ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးနည်းပြဆု၊ အကောင်းဆုံး ကစားသမားဆုနှင့် အကောင်းဆုံးလူငယ်ကစားသမားဆုအတွက် ဆန်ခါတင်စာရင်းများကို မေလ ၁၅ ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အကောင်းဆုံးနည်းပြဆုအတွက် ဆန်ခါတင်စာရင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူနိုင်ခဲ့တဲ့ လီဗာပူးလ် အသင်းနည်းပြ အာနယ်ဆလော့၊ ဝုလ်ဗ်အသင်းနည်းပြ ပယ်ရေရာ၊ နော်တင်ဟမ်အသင်းနည်းပြ နူနိုဆန်းတို့စ်၊ နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟောင်း နှင့် ဘရန့်ဖို့ဒ်အသင်းနည်းပြ သောမတ်စ်ဖရန့်ခ် တို့ပါဝင်နေပါတယ်။ အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်းမှာ ချန်ပီယံလီဗာပူးလ်အသင်းမှ ကစားသမား ၃ ဦး ဖြစ်တဲ့ လီဗာပူးလ်အသင်းမှ ဆာလာ၊ ဗန်ဒိုက်နှင့် ဂရာဗန်ဘတ်ချ် တို့ပါဝင်ခဲ့ခြင်းဖြစ်ပြီး ကျန်ကစားသမားများမှာ ခရစ္စဝုဒ်(နော်တင်ဟမ်ဖောရက်စ်)၊ ဒက်ကလန်ရိုက်စ်(အာဆင်နယ်)၊ အမ်ဘူမို(ဘရန့်ဖို့ဒ်)၊ အီဆက်ခ်(နယူးကာဆယ်)နှင့် ဂစ်ဘ်ဝှိုက်(နော်တင်ဟမ်ဖောရက်စ်)တို့ဖြစ်ပါတယ်။ အသက် ၂၃ နှစ်အောက် ကစားသမားများကို ပေးအပ်ချီးမြှင့်မည့် အကောင်းဆုံးလူငယ်ကစားသမားဆုအတွက် ဆန်ခါတင်စာရင်းမှာ ဆာလီဘာ(အာဆင်နယ်)၊ မော်ဂန်ရော်ဂျာစ်(အက်စတွန်ဗီလာ)၊ ပတ်ဒရို(ဘရိုက်တန်)၊ ပါးလ်မာ (ချဲလ်ဆီး)၊ ဟူဆန်(ဘုန်းမောက်)၊ ဂရာဗန်ဘတ်ချ်(လီဗာပူးလ်)၊ အယ်လန်ဂါ(နော်တင်ဟမ်ဖောရက်စ်)နှင့် ဒီလပ်(အစ်ဝစ်ချ်) တို့ ဖြစ်ပါတယ်။ (NVS 008)

16 May

ADVERTISE HERE .