“ချဲလ်ဆီးအသင်းနှင့်ပွဲစဉ်မှာ ယူရိုပါလိဂ်ဗိုလ်လုပွဲအတွက် ပြင်ဆင်မှုဖြစ်တယ်လို့ဆိုတဲ့ အာမိုရင်မ်”
16 May
မန်ယူအသင်းရဲ့နည်းပြ အာမိုရင်မ် က မေလ ၁၆ ရက်မှာ ယှဉ်ပြိုင်ကစားမယ့် ချဲလ်ဆီးအသင်းနှင့် ပရီးမီးယားလိဂ် ပွဲစဉ်ဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲအတွက် ပြင်ဆင်မှုတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ မန်ယူအသင်းက ချဲလ်ဆီးအသင်းနှင့် ယှဉ်ပြိုင်ကစားအပြီး ၅ ရက်အကြာမှာ ယူရိုပါလိဂ်ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစား ရမှာဖြစ်လို့ အာမိုရင်မ် က အခုပွဲအတွက် ပွဲထွက်ကစားသမား ၁၁ ယောက်ကို တွေးထားပြီး သားဖြစ်ပေမယ့် ဗိုလ်လုပွဲ အတွက်တော့ မစဉ်းစားရသေးပါဘူးလို့ဆိုပါတယ်။ ဆက်လက်ပြီး ကစားသမားတွေအနေနဲ့ ချဲလ်ဆီးအသင်းနဲ့ ပွဲစဉ်မှာ ကစားရခြင်း၊ မကစားရခြင်းက ဗိုလ်လုပွဲနဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ မန်ယူအသင်းက ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်ဆိုးများနှင့် ရင်ဆိုင်နေရပြီး အဆင့်(၁၆)နေရာမှာ ရပ်တည်နေပေမယ့် ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲသို့ ရှုံးပွဲမရှိတက်လှမ်းနိုင်ခဲ့ပြီး စပါးအသင်းနှင့် ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဆုဖလားရယူနိုင်ခဲ့ပါက လာမည့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှာဖြစ်တာကြောင့် အာမိုရင်မ် က ဗိုလ်လုပွဲကို အာရုံစိုက်နေတာ ဖြစ်ပါတယ်။ (NVS 008)