“ကိုလံဘီယာနှင့် တရုတ်နှစ်နိုင်ငံ ပိုးလမ်းမစီမံကိန်းပဏာမပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုး”
16 May
လက်တင်အမေရိကနိုင်ငံတစ်ခုဖြစ်သည့် ကိုလံဘီယာနှင့် တရုတ်တို့သည် ပေကျင်း၏ပိုးလမ်းမစီမံကိန်း ပဏာမပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်ရပ်ကို မေလ ၁၄ ရက်တွင် လက်မှတ်ရေးထိုးကြောင်း သိရ သည်။ ကိုလံဘီယာသမ္မတ ဂူစတာဗိုပီထရိုနှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့သည် မေလ ၁၄ ရက်တွင် ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး ကိုလံဘီယာသမ္မတ ဂူစတာဗိုပီထရိုသည် တရုတ်နှင့်ကာရစ်ဘီယံနိုင်ငံတို့အကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့်အခြားကိစ္စရပ်များကို ဆွေးနွေးရန် ရောက်ရှိနေခြင်း ဖြစ်သည်။ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်ရန် အခွင့်အလမ်းတစ်ခုအဖြစ် ယခုပူးပေါင်းဆောင်ရွက်မှုကို ဆောင်ရွက်ရန်လိုအပ်ကြောင်း သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြော သည်။ ယခင်က ကိုလံဘီယာသည် ၎င်း၏အကြီးဆုံးပို့ကုန်ဈေးကွက်ဖြစ်သော အမေရိကန်ပြည်ထောင်စုနှင့် ၎င်း၏ ဆက်ဆံရေးကို မြှင့်တင်ခဲ့သည့်အတွက် ကြီးမားသောစီးပွားရေးဇုန်တစ်ခု တည်ဆောက်ရန်ရည်ရွယ်သည့် တရုတ် နိုင်ငံ၏ ပိုးလမ်းမစီမံကိန်းများနှင့် အလှမ်းဝေးကွာခဲ့ရသည်။ သို့သော်ကိုလံဘီယာသည် ပိုးလမ်းမစီမံကိန်း၏ ကနဦး အစပျိုးမှုအပေါ် စိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။ ယင်းသို့ တရုတ်နိုင်ငံပို့ကုန်များ တိုးလာခြင်းသည် လက်တင် အမေရိကနိုင်ငံ၏ ပစိဖိတ်ကမ်းရိုးတန်းဒေသရှိ စီးပွားရေးတိုးတက်မှုကို အထောက်အကူဖြစ်စေမည် ဖြစ်သည်။ လက်တင်အမေရိကသည် သမိုင်းကြောင်းအရ အမေရိကန်၏ ပြင်းထန်သောသြဇာလွှမ်းမိုးမှုအောက်တွင် ရှိခဲ့ပြီး တရုတ်သည် မကြာသေးမီနှစ်များအတွင်း ဒေသတွင်း၌ ၎င်း၏ပါဝင်မှုကို တိုးမြှင့်ခဲ့သည်။ လက်ရှိအချိန်တွင် လက်တင်အမေရိကနိုင်ငံ ၂၀ ကျော်သည် ပိုးလမ်းမစီမံကိန်းများတွင် ပါဝင်လျက်ရှိသည်။ ဇန်နဝါရီလတွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ရာထူးအာဏာစတင်ထမ်းဆောင်ပြီးနောက် ပနားမားနိုင်ငံသည် ပိုးလမ်းမစီမံကိန်းမှ နုတ်ထွက် ခဲ့ကြောင်း NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။