“နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်ပေးရန် ဒေါ်နယ်ထရမ့်၏တောင်းဆိုမှုအပေါ် အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေး”

16 May

နေတိုးအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၏ နှစ်ရက်ကြာအစည်းအဝေးကို တူကီယဲနိုင်ငံ အန်တာလာမြို့၌ မေလ ၁၄ ရက်တွင် စတင်၍ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးသည် လာမည့်လတွင် ကျင်းပမည့် ထိပ်သီးအစည်းအဝေးမတိုင်မီ ကိစ္စရပ်များကို ဆွေးနွေးရန်ဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံ များ၏ ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်ပေးရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ တောင်းဆိုမှုအပေါ် ၎င်းတို့က ဆွေးနွေးလျက်ရှိသည်။ လာမည့်လတွင် နယ်သာလန်နိုင်ငံ၌ ကျင်းပမည့် နေတိုးထိပ်သီးအစည်းအဝေးတွင် ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်ရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ်ရရှိလိမ့်မည်ဟု နေတိုးအတွင်းရေးမှူး ချုပ် မာ့ခ်ရူတီက ထုတ်ဖော်ပြောကြားသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် နေတိုးအဖွဲ့ဝင်နိုင်ငံများအား ၎င်းတို့၏ ကာကွယ်ရေးအသုံးစရိတ် ကို ၎င်းတို့၏ အသားတင်ထုတ်ကုန်တန်ဖိုး(ဂျီဒီပီ)၏ငါးရာခိုင်နှုန်းအထိမြှင့်တင်ရန် တိုက်တွန်းထားသည်။ အဖွဲ့ဝင်နိုင်ငံ များသည် ကာကွယ်ရေး အသုံးစရိတ်ကို၂၀၃၂ ခုနှစ်တွင် ၎င်းတို့အသားတင်ထုတ်ကုန်တန်ဖိုး၏ ၃ ဒသမ ၅ ရာခိုင်နှုန်း အထိ တိုးမြှင့်သင့်ကြောင်း နေတိုးအတွင်းရေးမှူးချုပ် မာ့ခ်ရူတီက အကြံပြုပြောကြားသည်။ ထို့ပြင် လုံခြုံရေးဆိုင်ရာ ပစ္စည်းများအတွက် ၎င်းတို့၏အသားတင် ထုတ်ကုန်တန်ဖိုး၏ ၁ ဒသမ ၅ ရာခိုင်နှုန်းကို တိုးမြှင့် သုံးစွဲသင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ အဆိုပါ ပြောကြားချက်သည် သမ္မတ ဒေါ်နယ်ထရမ့် ၏ အသားတင်ထုတ်ကုန် တန်ဖိုး၏ ငါးရာခိုင်နှုန်းသုံးစွဲရန် အဆိုပြုချက်ကို သဘောတူနိုင်ဖွယ်ရှိကြောင်း နိုင်ငံရေး သုံးသပ်သူများက ပြောသည်။ နိုင်ငံခြားရေးဝန်ကြီးများသည် အဆိုပြုထားသော ကာကွယ်ရေးအသုံးစရိတ်အတွက် ဖြစ်နိုင်ခြေပမာဏနှင့် အချိန်ကာလကို ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။

16 May

ADVERTISE HERE .