“ကိုရီးယားဈေးရောင်းပွဲတော်မှ ရရှိတဲ့ အမြတ်ငွေများကို ပြန်လည်ထူထောင်ရေးအတွက်ပြန်လည်လှူဒါန်းခဲ့”
16 May
မန္တလေးငလျင်ကြီး ဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ကိုရီးယားအနုပညာရှင်များ ပါဝင်တဲ့ K-Pop အဖွဲ့မှ ကိုရီးယားဈေးရောင်းပွဲတော် ပြုလုပ်ခဲ့ပြီး ရရှိတဲ့ငွေများကို ငလျင်ဘေးဒဏ်သင့်ဒေသများ ပြန်လည် ထူထောင်ရေးအတွက် လှူဒါန်းခဲ့ကြောင်း သိရပါတယ်။ မန္တလေးငလျင်ကြီး ဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး CST Myanmar ၏စီစဉ်မှုဖြင့် ကိုရီးယား အနုပညာရှင်များ ပါဝင်တဲ့ K-Pop အဖွဲ့မှ အလှူငွေပေးအပ်ပွဲကို မေလ ၁၂ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် မန္တလေးငလျင်ကြီး ဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေအတွက် မေလ ၁၀ ရက် မှ ၁၁ ရက်အထိ ၂ ရက်တာ ကျင်းပခဲ့တဲ့ ဈေးရောင်းပွဲတော်မှ ရောင်းချရငွေ စုစုပေါင်းကျပ် ၈,၅၃၇,၀၀၀ ကို CST (Myanmar)Co.Ltd မှ CEO Ms. Kim Moon Hee နှင့် KK Media Co.Ltd မှ Director Mr.Jung Woo Chul တို့က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း ထံသို့ ပေးအပ်လှူဒါန်းခဲ့ပါတယ်။ ငလျင်ဘေးဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိပြီး ပြည်ပမှလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို လမ်းဖွင့်ပေးထားရာ ပြည်ပနိုင်ငံများမှလည်း ကူညီကယ်ဆယ်ရေးပစ္စည်းများ စဉ်ဆက်မပျက်ပေးပို့လှူဒါန်းလျက်ရှိပြီး ရောက်ရှိလာသော ကူညီကယ်ဆယ်ရေး ပစ္စည်းများကို ငလျင်ဒဏ်သင့်ဒေသများရှိ ပြည်သူများထံသို့ ပေးပို့ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ (NVS 004)