“မြေလွတ်မြေရိုင်းများမှာ လုပ်ပိုင်ခွင့်နှင့်အသုံးပြုခွင့်အတွက် အာမခံကြေးများ ပြင်ဆင်သတ်မှတ်”

16 May

မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းများ လုပ်ပိုင်ခွင့်နဲ့အသုံးပြုခွင့်အတွက် ပေးသွင်းရတဲ့ အာမခံကြေးတွေကို ပြင်ဆင်ခြင်းအား မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီက ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံတိုင်းရင်းသားလုပ်ငန်းရှင်တွေ၊ မြေယာမဲ့နိုင်ငံသားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖော်ဆောင်နိုင်ဖို့ မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းတွေကို လုပ်ပိုင်ခွင့်နဲ့ အသုံးပြုခွင့် ပေးထား တာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီမြေတွေမှာ လုပ်ပိုင်ခွင့်နဲ့ အသုံးပြုခွင့်ရရှိသူက လုပ်ငန်းအမျိုးအစားအလိုက် အာမခံကြေးပေးသွင်းရမှာဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ဓာတ်သတ္တုထုတ်လုပ်ရေးလုပ်ငန်းနဲ့ အစိုးရ ခွင့်ပြုထားတဲ့ ဥပဒေနဲ့ညီညွတ်တဲ့ အခြားလုပ်ငန်းအမျိုးအစားလေးမျိုးအတွက် လုပ်ပိုင်ခွင့်နဲ့ အသုံးပြုခွင့်ပေးထား ပါတယ်။ ပြင်ဆင်သတ်မှတ်ချက်အရ စိုက်ပျိုးရေးလုပ်ငန်းအတွက် မြေဧက ၅၀ အောက်ကို တစ်ဧကလျှင် ကျပ် ငါးထောင်၊ မြေဧက ၅၀ အထိ တစ်ဧကလျှင် ကျပ် ငါးသောင်းနှုန်း ပေးသွင်းရမှာ ဖြစ်ပါတယ်။ အလားတူ မွေးမြူရေး လုပ်ငန်းအတွက် တစ်ဧကလျှင် ကျပ် ငါးသောင်းနှုန်း ပေးသွင်းရမှာဖြစ်ပြီး ဓာတ်သတ္တုရှာဖွေခြင်း၊ စမ်းသပ်မှု၊ ဖြစ်မြောက်နိုင်စွမ်း လေ့လာတာနဲ့ ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်ဖို့ မြေအသုံးပြုခွင့်ကို ခွင့်ပြုခြင်းအတွက် တစ်ဧကကို ကျပ် တစ်သောင်းနှုန်း ပေးသွင်းရမှာ ဖြစ်ပါတယ်။ အစိုးရခွင့်ပြုထားတဲ့ ဥပဒေနဲ့ ညီညွတ်တဲ့ လုပ်ငန်းများဖြစ်တဲ့ စည်ပင်သာယာရေးအဖွဲ့၊ သာသနာရေးနဲ့ အစိုးရ ဌာနဆိုင်ရာတွေ အသုံးပြုမယ့်လုပ်ငန်းများနေနဲ့ မြေတစ်ဧကကို ကျပ် သုံးသောင်းနှုန်း၊ ပုဂ္ဂလိက၊ ကုမ္ပဏီ၊ အဖွဲ့အစည်း တွေ အသုံးပြုမယ့်လုပ်ငန်းများအတွက် တစ်ဧကကို ကျပ် ငါးသောင်းနှုန်း ပေးသွင်းရမှာဖြစ်ပါတယ်။ လက်ရှိမှာ မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းတွေ လုပ်ကိုင်ခွင့်နဲ့ အသုံးပြုခွင့်ရရှိထားတဲ့ ဧကပေါင်း ၁၁ သိန်း ၅ သောင်း ကျော်ရှိတယ်လို့ ကြေးတိုင် နှင့် မြေစာရင်းဦးစီးဌာနရဲ့ စာရင်းများအရ သိရပါတယ်။ (NVS 004)

16 May

ADVERTISE HERE .