“မုံရွာမြို့၌ အများပြည်သူအပန်းဖြေနိုင်စေရန် ပြည်သူ့ဥယျာဉ်တည်ဆောက်”
15 Mayစစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်ရှိ ကျောက္ကာလမ်းနဲ့ အနော်ရထာလမ်းပေါ်က မြေဧက ၃၀ ပေါ်တွင် အများပြည်သူအပန်းဖြေနိုင်စေရန် ပြည်သူ့ဥယျာဉ်တစ်ခု တည်ဆောက်လျက်ရှိရာ လက်ရှိမှာ ၇၀ ရာခိုင်နှုန်း ကျော် ပြီးစီးနေပြီဖြစ်ကြောင်း မုံရွာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရပါတယ်။ မုံရွာမြို့၏အရှေ့ဘက်ခြမ်းတွင် မုံရွာတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ အားကစားနှင့်ကာယပညာသိပ္ပံ၊ ပညာရေး ဒီဂရီကောလိပ်၊ ကျောင်းများအပြင် ရပ်ကွက် ၁၅ ရပ်ကွက်နှင့်ဝန်ထမ်းအိမ်ရာများလည်းရှိပြီး ပြည်သူများအပန်းဖြေ အနားယူရန် နေရာလိုအပ်သည့်အတွက် ပြည်သူ့ဥယျာဉ် တည်ဆောက်နေခြင်းဖြစ်ပါတယ်။ အဆိုပါ အပန်းဖြေဥယျာဉ်တည်ဆောက်ရာတွင် အများပြည်သူများ အပန်းဖြေအနားယူနိုင်စေရန် Landscaping၊ မြက်ခင်းပြင်၊ လျှပ်စစ်မီးတိုင်၊ ခုံတန်းလျားများ၊ နိုင်လွန်ကတ္တရာလမ်းတွေအပြင် မြက်ခင်းပြင်များအတွက် ရေရရှိရေး စသည်တို့ကို ထည့်သွင်းဆောင်ရွက်ထားပါတယ်။ လာရောက်အပန်းဖြေသူများအနေနဲ့ ကျန်းမာရေးအတွက် သန့်စင်ခန်းများ တည်ဆောက်ထားခြင်း၊ ထပ်မံတိုးချဲ့မှု အနေဖြင့် စားသောက်ဆိုင်များ၊ အားကစားပြုလုပ်နိုင်မည့်ပစ္စည်းများနှင့် ကစားကွင်းများလည်း စီစဉ်ဆောင်ရွက်ပေး သွားမည်ဖြစ်ပါတယ်။ လက်ရှိမှာ တည်ဆောက်မှုလုပ်ငန်းများ ၇၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်တာကြောင့် ယခုမေလကုန်ပိုင်းတွင် ရာနှုန်းပြည့်ပြီးစီးနိုင်ရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက ကြိုးပမ်းဆောင်ရွက်တည်ဆောက်လျက်ရှိ ကြောင်း သိရပါတယ်။ (NVS-004)