“ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပတ်ဝန်းကျင်လေထုအရည်အသွေးတိုင်းတာခြင်းများ ဆောင်ရွက်”
15 May
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်းဝင်အထင်ကရဘုရားကြီး ၁၁ ဆူအနီးတွင် ပတ်ဝန်းကျင် လေထုအရည်အသွေးတိုင်းတာခြင်းကို မေလ ၁၄ ရက်မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံ-ညောင်ဦးဒေသ သမိုင်းဝင်အထင်ကရ ဘုရား၊ စေတီများသို့ လာရောက်ဖူးမြော် ကြတဲ့ ခရီးသွားဧည့်သည်များနှင့် ဘုရားစေတီပုထိုးများအနီးတွင် ဒေသထွက်ကုန်ပစ္စည်းများ ရောင်းချလျက်ရှိသော ဈေးသူ/ဈေးသားများ၏ ကျန်းမာရေးအပေါ်အကျိုးသက်ရောက်မှု၊ ဘုရား၊ စေတီ၊ ပုထိုး၊ သာသနိက အဆောက်အအုံ များ၏ အကျိုးသက်ရောက်မှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ လေထုအရည်အသွေးတို့ကို သိရှိနိုင်ရန်နှင့် ရှေးဟောင်းဘုရား၊ စေတီ၊ ပုထိုးများကို ထိန်းသိမ်းစောင့်ရှောက်ရန် ရည်ရွယ်ပြီး မေလမှစတင်ကာ လစဉ်တိုင်း ဝန်းကျင်လေထုအရည် အသွေးတိုင်းတာခြင်းကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ထုတ်ပြန်သွားမှာဖြစ်ပါတယ်။ မေလ ၁၄ ရက်က ရွှေစည်းခုံစေတီတော်ရင်ပြင်၌ ဝန်းကျင်လေထုတိုင်းတာခြင်းကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်နန်းနွယ်၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်တင့်တင့်အောင်၊ ခရိုင်သာသနာရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးနေလင်းသိန်းနှင့်ဝန်ထမ်းများ၊ ရွှေစည်းခုံဘုရားဂေါပကအဖွဲ့ တာဝန်ရှိသူများနှင့် တိုင်းတာရေးအဖွဲ့ ဝင်များက Carbon Monoxide (CO)၊ Carbon Dioxide (CO₂)၊ Nitrogen Dioxide (NO₂)၊ Sulphur Dioxide (SO₂)၊ Ozone (O3)၊ Particulate Matter (PM10 PM25)နှင့် Relative Humidity (RH%) စတဲ့ Parameter ခုနစ်မျိုးပါဝင်သော Scentroid SL 50 တိုင်းတာရေးစက်ဖြင့် ပတ်ဝန်းကျင်လေထုအရည်အသွေးတိုင်းတာခြင်းဖြင့် စစ်ဆေးလျက်ရှိကြောင်း သိရပါတယ်။ (NVS-004)