Thai Festival 2025 ကို ရန်ကုန်မြို့၌ ကျင်းပမည်

15 May

ထိုင်းနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များနှင့် စီးပွားရေးပူးပေါင်းမှုအခွင့်အလမ်းများမျှဝေရန် ရည်ရွယ်သော Thai Festival 2025 ကို ဇွန်လ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ရန်ကုန်မြို့ရှိ Novotel Hotel ၌ ၂ ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ သိရပါတယ်။ အဆိုပါပွဲတော်ကို ရန်ကုန်မြို့ရှိ ထိုင်းနိုင်ငံသံရုံး၏ ဦးဆောင်မှုဖြင့် True-Dtac Myanmar Airways International (MAI)နှင့် Novotel Hotel တို့မှ ပံ့ပိုးကူညီပေးထားခြင်းဖြစ်ပြီး ထိုင်းခရီးသွားအာဏာပိုင်အဖွဲ့၊ ထိုင်းနိုင်ငံစီးပွားရေး သံရုံးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအသင်း၊ ထိုင်း-မြန်မာစီးပွားရေးကောင်စီ၊ GMM Grammy၊ ONE31 နှင့် GMMTV တို့မှလည်း ပူးပေါင်းပါဝင်ကူညီသွားမှာဖြစ်ပါတယ်။ Thai Festival ပွဲတော်ကို ၂၀၂၄ ခုနှစ်က ရန်ကုန်မြို့ရှိ Junction City ၌ ပထမဆုံးအကြိမ်ကျင်းပခဲ့ပြီး ယခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် ထိုင်းနိုင်ငံထုတ်ကုန်များ၊ ထိုင်းနိုင်ငံရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားဝန်ဆောင်မှု၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ထိုင်းနိုင်ငံ ဂီတသံစဉ်များမှတစ်ဆင့် ထိုင်းနိုင်ငံ၏ယဉ်ကျေးမှုကို မြှင့်တင်ရန် ရည်ရွယ်ကျင်းပတာ ဖြစ်ပါတယ်။ ပွဲတော်အတွင်း ဆိုင်ခန်းပေါင်း ၆၀ ကျော်မှ ထိုင်းအစားအစာ၊ အလှကုန်များနှင့် ခရီးသွားဝန်ဆောင်မှုများ၊ ကျန်းမာရေးဆိုင်ရာ ရရှိနိုင်မည့် Package များနှင့် ထိုင်းအနုပညာဆိုင်ရာပစ္စည်းများကို ခင်းကျင်းပြသထားမှာဖြစ်ပြီး ထိုင်းအကအလှပြိုင်ပွဲများ၊ ထိုင်းအစားအစာချက်ပြုတ်နည်း ပြသမှုများနှင့် မြန်မာ-ထိုင်း အနုပညာရှင်များ ပူးပေါင်း ဖျော်ဖြေမည့် အစီအစဉ်များကိုလည်း ထည့်သွင်းကျင်းပမှာဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက Thai Festival Myanmar Facebook page၊ @thailandmyanmar instagram နှင့် Royal Thai Embassy Yangon ၏ YouTube Channel များမှတစ်ဆင့် ဝင်ရောက်ကြည့်ရှုစုံစမ်းနိုင်ကြောင်း သိရပါတယ်။(NVS 004)

15 May

ADVERTISE HERE .