ငလျင်ဒဏ်သင့် အဆောက်အဦများကို ရုရှားပညာရှင်များက စစ်ဆေးပေးမည်
15 May
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ အဆောက်အဦတွေကို ရုရှားနိုင်ငံက ပညာရှင်တွေ လာရောက်ပြီး တိုင်းတာစစ်ဆေးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Mr. Iskander Azizov (မစ္စတာ အစ်စကန်ဒါ အာဇီဇော့)က ပြောကြားခဲ့ပါတယ်။ နေပြည်တော်၊ မန္တလေးနဲ့ စစ်ကိုင်းမြို့တို့တွင် ငလျင်ကြောင့်ထိခိုက်ပျက်စီးခဲ့တဲ့ အဆောက်အဦတွေကို ဆန်းစစ်တိုင်းတာမှုများ ဆောင်ရွက်ပေးလျက်ရှိတဲ့ နိုင်ငံတကာ အဖွဲ့အစည်းများနဲ့အတူ ပါဝင်ဆောင်ရွက်မှာဖြစ်ပါတယ်။ ထို့အတူ ရုရှားနိုင်ငံမှ သိပ္ပံအကယ်ဒမီပညာရှင်များကလည်း မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံတကာအသိအမှတ်ပြု ရှေးဟောင်းအမွေအနှစ် အဆောက်အဦတွေရဲ့ ထိခိုက်ပျက်စီးမှုအခြေအနေများကို စစ်ဆေးပေးသွားမှာဖြစ်ပါတယ်။ အထူးသဖြင့် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်၊ ဆူးလေစေတီတော်တို့အပြင် ဘုရားစေတီတချို့နဲ့ ရှေးဟောင်းအမွေအနှစ် အဆောက်အဦများရဲ့အခြေအနေတွေကို စစ်ဆေးသွားမယ်လို့ ရုရှားသံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့မတ်လ ၂၈ ရက်က ဖြစ်ပွားခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့် လူပေါင်း ၃,၀၀၀ ကျော် သေဆုံးပြီး ဘုရား၊ စေတီ၊ သာသနိက အဆောက်အအုံတွေနဲ့ လူနေအိမ်အဆောက်အအုံတွေ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ရှရှားအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီခဲ့ကြသလို လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းတွေကိုလည်း ဆက်လက်လှူဒါန်းပေးပို့ လျက်ရှိပါတယ်။(NVS 004)