အိန္ဒိယနှင့်ပါကစ္စတန်တို့က သံတမန်များကိုအပြန်အလှန်နှင်ထုတ်
15 May
အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့က သံတမန်များကို အပြန်အလှန်နှင်ထုတ်လိုက်ကြောင်း သိရသည်။ နှင်ထုတ်ခံရသည့်သံတမန်များသည် သူလျှိုလုပ်ငန်းများကို လုပ်ဆောင်သည်ဟူသော စွပ်စွဲချက်များဖြင့် နှင်ထုတ်ခံ ရခြင်းဖြစ်သည်ဟု နှစ်နိုင်ငံစလုံးမှတာဝန်ရှိသူများက ပြောသည်။ အိန္ဒိယအစိုးရသည် နယူးဒေလီမြို့ရှိ ပါကစ္စတန် သံရုံးမှ တာဝန်ရှိသူတစ်ဦးကို နှင်ထုတ်လိုက်ကြောင်းနှင့် ၂၄ နာရီအတွင်း နိုင်ငံအတွင်းမှထွက်သွားရန်လည်း တောင်းဆိုလိုက်ကြောင်း ထုတ်ပြန်ထားသည်ဟု အိန္ဒိယသတင်းဌာနတစ်ခုက ဖော်ပြထားသည်။ အလားတူ ပါကစ္စတန်အစိုးရကလည်း အစ္စလာမ်မာဘတ်မြို့ရှိ အိန္ဒိယသံရုံးမှ အိန္ဒိယတာဝန်ရှိသူတစ်ဦးကို နှင်ထုတ်လိုက်ပြီး ၂၄ နာရီအတွင်း နိုင်ငံအတွင်းမှထွက်သွားရန် တောင်းဆိုထားကြောင်း ပါကစ္စတန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ နှင်ထုတ်ခံရသူများသည် သက်ဆိုင်ရာနိုင်ငံအတွက် မလိုလားအပ်သူများ အဖြစ်လည်း ကြေညာခံလိုက်ရကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။