အရေးယူပိတ်ဆို့မှုများ ထပ်မံချမှတ်ခြင်းသည် နျူကလီးယားအရေးဆွေးနွေးမှုကို ဆန့်ကျင်ရာ ရောက်ကြောင်း အီရန်ပြောကြား
15 May
အီရန်အပေါ် အမေရိကန်က အရေးယူပိတ်ဆို့မှုများ ထပ်မံချမှတ်ခြင်းသည် နျူကလီးယားအရေး ဆွေးနွေး မှုကို ဆန့်ကျင်ရာရောက်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေး ဗဂါအီ က မေလ ၁၄ ရက်တွင် ပြောကြားသည်။ အီရန်နှင့်အမေရိကန်တို့သည် အိုမန်နိုင်ငံ၏ ကြားဝင်စေ့စပ်ညှိနှိုင်းမှုဖြင့် နျူကလီးယား အရေး ဆွေးနွေးနေစဉ်အတွင်း အမေရိကန်တာဝန်ရှိသူများသည် ၎င်းတို့၏ တစ်ဖက်သတ်လိုလားချက်များ တောင်းဆိုနေသည်ကို တွေ့ရှိရကြောင်း ၎င်းကပြောကြားသည်။ အီရန်တာဝန်ရှိသူများအနေဖြင့် ဆွေးနွေးပွဲမှ အပြုသဘောဆောင်သည့် ရလဒ်များကိုသာရရှိရန် မျှော်မှန်းဆွေးနွေးခဲ့ခြင်းဖြစ်ကာ အကျိုးမဲ့အချိန်ဖြုန်းသည့် လုပ်ရပ်ကို ဆောင်ရွက်ခဲ့ခြင်းမဟုတ်ဟု ၎င်းက ပြောကြားသည်။ အီရန်အနေဖြင့် မိမိနိုင်ငံအတွက် အကျိုးရှိမည့် နျူကလီးယားစွမ်းအင်ထုတ်လုပ်ရေး ဆောင်ရွက်ချက်များ ကို ထပ်မံဆောင်ရွက်မည်ဖြစ်ပြီး အမေရိကန်၏ပိတ်ဆို့မှုများ ဖယ်ရှားရေးအတွက်လည်း ဆောင်ရွက်မည်ဟု ၎င်းက ပြောကြားသည်။ အီရန်နိုင်ငံသားသုံးဦးနှင့် အီရန်နိုင်ငံမှ အဖွဲ့အစည်းတစ်ခုအား အရေးယူပိတ်ဆို့မှုချမှတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၁၃ ရက်တွင် ပြောကြားသည်။ အီရန်နှင့်အမေရိကန်တို့သည် လေးကြိမ်မြောက် နျူကလီးယားအရေးဆွေးနွေးပွဲကို အိုမန်နိုင်ငံ၊ မူစကက်မြို့တွင် မေလ ၁၁ ရက်က ကျင်းပခဲ့ သည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။