“တရုတ်ရေတပ်က ရေယာဉ်၏ကိုယ်ပျောက်စွမ်းရည်တိုးစေမည့် လေ့ကျင့်ခန်းကို AI အသုံးပြုဆောင်ရွက်”
14 May
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ရေတပ်က ၎င်းတို့၏စစ်ရေယာဉ်များတွင် ကိုယ်ပျောက် စွမ်းရည် တိုးစေမည့်လေ့ကျင့်ခန်းကို AI အသုံးပြု၍ မေလ ၁၂ ရက်တွင် ဆောင်ရွက်ကြောင်း သိရသည်။ အဆိုပါ လေ့ကျင့်ခန်း၌ စစ်ရေယာဉ်၏သံလိုက်အားဝင်မှုကို ပပျောက်အောင်လုပ်ဆောင်ရာတွင် AI နည်းပညာ အသုံးပြုခဲ့ ခြင်း ဖြစ်ကြောင်း ရေတပ်၏ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ယင်းနည်းပညာကိုအသုံးပြုပြီးနောက် စစ်ရေယာဉ် အနေဖြင့် ရေဒါစက်ကွင်းမှ ကင်းလွတ်စေနိုင်သည့်အတွက် ၎င်း၏ကိုယ်ပျောက်စွမ်းရည်ကို ၆၀ ရာခိုင်နှုန်း ပိုမို မြင့်တက်လာစေကြောင်း တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။ လေ့ကျင့်ခန်း၌အသုံးပြုသော AI စနစ်များသည် သံလိုက်လှိုင်းဖမ်းကိရိယာများ၊ ပတ်ဝန်းကျင်ဆိုင်ရာ အာရုံခံကိရိယာများ မှအချက်အလက်များကိုရယူ၍ ရေပြင် အပူချိန်၊ ရေယာဉ်အမြန်နှုန်းနှင့် အခြားသော ပြောင်းလဲ နေသည့်အချက်အလက်များအပေါ် အခြေခံကာ သံလိုက်အားဝင်မှုပပျောက်အောင်လုပ်ဆောင်သည့် ကွိုင်များ တွင် လျှပ်စစ်စွမ်းအင်စီးဆင်းမှုကို အလိုအလျောက်ကိုက်ညှိပေးခြင်း ဖြစ်သည်။ ထိုလေ့ကျင့်ခန်းကို မြောက်ပိုင်း စစ်နယ်ဝန်း၏ရေတပ်စခန်းဌာနချုပ်၌ လုပ်ဆောင်ခြင်းဖြစ်သည်ဟု နိုင်ငံပိုင်သတင်းဌာနတစ်ခုဖြစ်သည့် CCTV သတင်းဌာန က ဖော်ပြထားကြောင်း သိရသည်။