“နမ့်ပွန်းကြိုးပြင်ကာကွယ်တော သတ်မှတ်”
13 May
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန သည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားတဲ့ သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက်ရှိပြီး ရှမ်းပြည်နယ်၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်အတွင်းကျရောက်နေသော ဧရိယာအကျယ်အဝန်း ၃၂၅ ဧက ရှိတဲ့မြေကို “နမ့်ပွန်းကြိုးပြင်ကာကွယ်တော” အဖြစ် အမိန့်ကြော်ငြာ စာအမှတ်(၄၆/၂ဝ၂၅)အရ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်(၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၄ ရက်) မှစ၍ သတ်မှတ်လိုက်ကြောင်း ကြေညာထားရှိပါတယ်။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တည်ထောင်ထားရှိသည့် စီးပွားရေး(ထင်းရှူး) စိုက်ခင်းဟောင်းများနှင့် အဆိုပါစိုက်ခင်းများအနီး တစ်ဆက်တစ်စပ်တည်းရှိသည့် ဧရိယာများအား ထိန်းသိမ်း ကာကွယ် ရန်၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရန်၊ ရာသီဥတုမျှတစေရန်နှင့် သစ်တောထွက်ပစ္စည်းများကို စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရန် ရည်ရွယ်၍ ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ခြင်းဖြစ်ပါတယ်။ နမ့်ပွန်းကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ခြင်းအားဖြင့် အဆိုပါဧရိယာအတွင်း သစ်တောဦးစီးဌာနက စိုက်ပျိုးထားတဲ့ တားမြစ်သစ်စာရင်းဝင် ထင်းရှူးပင်များအား ထိန်းသိမ်းကာကွယ်နိုင်မည့်အပြင် ၎င်းစိုက်ခင်းဧရိယာ အတွင်း ကျူးကျော်ဝင်ရောက်ဖျက်ဆီးမှုများအား ထိရောက်စွာတားဆီးကာကွယ်နိုင်ခြင်း၊ ဧရိယာအတွင်း နေထိုင် ကျက်စားလျက်ရှိတဲ့ ရှဉ့်၊ တောကြက်၊ ခါနှင့် ငှက် စတဲ့တိရစ္ဆာန်များအတွက် ကျက်စားရာဒေသအား ထိန်းသိမ်းနိုင်ခြင်း စသဖြင့် အကျိုးကျေးဇူးများစွာရရှိနိုင်မှာကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရပါတယ်။ (NVS-004)